အစ္စရေးက အီရန်ကို နျူကလီးယားလက်နက် ၂၀၀ နီးပါးဖြင့် ချိန်ရွယ်ထားဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ အီးမေးလ် ပေါက်ကြားမှုအရ သတင်းထွက်ပေါ်

အစ္စရေးက အီရန်ကို နျူကလီးယားလက်နက် ၂၀၀ နီးပါးဖြင့် ချိန်ရွယ်ထားဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ အီးမေးလ် ပေါက်ကြားမှုအရ သတင်းထွက်ပေါ်

ဂျေရုဆလင်၊ စက်တင်ဘာ ၁၇  ။                   ။   အစ္စရေးနိုင်ငံသည် နျူကလီးယားလက်နက်ပေါင်း ၂၀၀ နီးပါး ပိုင်ဆိုင်ထားပြီး အများစုက အီရန်နိုင်ငံကို ချိန်ရွယ်ထားဟန်ရှိကြောင်း ၂၀၁၅ ခုနှစ် မတ်လအတွင်းက ပေါက်ကြားခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ်၏ အီးမေးလ်များအရ သိရသည်။

အီရန်နှင့် နျူကလီးယားသဘောတူညီမှုတစ်ရပ်အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးမိတ်ဖက်နှင့် ဒီမိုကရက်တစ်ပါတီအား ကူညီထောက်ပံ့သူ ဂျက်ဖရီလိဒ်နှင့် ကောလင်းပါဝဲလ်က အီးမေးလ်ပေးပို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ ရှည်ရှည်ဝေးဝေးဆွေးနွေးခဲ့သည့် အဆိုပါသဘောတူညီချက်မှာ ယင်းအချိန်က ဆောင်ရွက်ဆဲဖြစ်သည့် ယခုနှစ်စမှ နောက်ဆုံး သဘောတူညီမှုလက်မှတ်ထိုးနိုင်ခဲ့သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှ၊ တရုတ်နှင့် ဂျာမနီ P5+1 အုပ်စုနှင့် အီရန်နိုင်ငံတို့ကြား အီရန်နိုင်ငံ၏ နျူကလီးယားစီမံကိန်းကို ကန့်သတ်သည့် JCPOA သဘောတူညီချက်ဖြစ်သည်။

ထိုကိစ္စရပ်အကြောင်း ဆွေးနွေးရာတွင် ကောလင်းပါဝဲလ်က “အစ္စရေးမှာ နျူကလီးယားလက်နက် ၂၀၀ ရှိနေတယ်။ အားလုံးက အီရန်ကို ချိန်ထားတယ်။”ဟု ရေးသားထားပြီး JCPOA ကိုလည်း အီရန်နှင့် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးရှိစေမည်ဖြစ်ကြောင်းလည်း ပြောထားသည်။

အီရန်နိုင်ငံကမူ ဖျက်အားပြင်းလက်နက်များ ပိုင်ဆိုင်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အီရန်၏ ဘာသာရေးခေါင်းဆောင် ခိုမေနီကိုယ်တိုင်ကလည်း အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ဝယ်ယူခြင်း၊ ပိုင်ဆိုင်ခြင်းတို့အပေါ် ယုတ္တိဗေဒအရ၊ ဘာသာရေးအရ၊ အယူအဆရေးရာအရ ကြီးမားသည့် မကောင်းမှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောဆိုထားသည်။

ဟတ်ကား ထွင်းဖောက်ခံရသည့် ကောလင်းပါဝဲလ်၏ အီးမေးလ်များကို DCLeaks ဟက်ကာအဖွဲ့က ဖြန့်ဝေခဲ့ခြင်းအရ သိရှိရသည်မှာ နျူကလီးယား ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဖုံးကွယ်သိုသပ်ထားဆဲ အစ္စရေးအစိုးရထံတွင် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားကြောင်းကို သက်သေရလိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags