စနိုဒင်အား ခွင့်လွှတ်ချမ်းသာပေးရန် လူ့အခွင့်အရေး အုပ်စုများက အိုဘားမားထံ တိုက်တွန်းသော်လည်း ပယ်ချခံရ

စနိုဒင်အား ခွင့်လွှတ်ချမ်းသာပေးရန် လူ့အခွင့်အရေး အုပ်စုများက အိုဘားမားထံ တိုက်တွန်းသော်လည်း ပယ်ချခံရ

စက်တင်ဘာ ၁၆ ။            ။  ရုရှ နိုင်ငံတွင် ခိုလှုံနေလျက်ရှိသည့် အမေရိကန်အစိုးရ အလိုရှိနေသော စီအိုင်အေ ဝန်ထမ်းဟောင်း အက်ဝါ့ဒ်စနိုဒင်အား အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ အိုဘားမားအား တိုက်တွန်းထားသည့် ကမ်ပိန်းတစ်ခုကို လူ့အခွင့်အရေး အုပ်စုများ စတင် လုပ်ဆောင်နေကြသည်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များဖြစ်သည့် Amnesty International ၊ Human Rights Watch နှင့် American Civil Liberties တို့မှ ရှေ့နေများ၊ နာမည်ကျော်ပုဂ္ဂိုလ်များက ယင်းကမ်းပိန်းတွင် ပါဝင်လက်မှတ်ထိုး တောင်းဆို ထားကြခြင်းဖြစ်သည်။ လာမည့် ဇန်နဝါရီလ ရာထူးသက်တမ်း မကုန်ဆုံးခင် သမ္မတ အိုဘားမားအနေဖြင့် စနိုဒင်အား သက်ညှာချမ်းသာခွင့် ပြုပေးသွားရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။

သို့သော်လည်း အမေရိကန် အစိုးရအနေဖြင့် နိုင်ငံတော် လျို့ဝှက်ချက် ဖွင့်ချခဲ့သူ အမျိုးသား လုံခြုံရေးအေဂျင်စီ ထောက်လှမ်းရေး သမားဟောင်း စနိုဒင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိကြောင်း ချက်ချင်းပင် ပယ်ချသွားခဲ့သည်။

စနိုဒင် အနေဖြင့် အမေရိကန်သို့ ပြန်လာပြီး ဥပဒေအရ အမှု ရင်ဆိုင်သင့်ကြောင်းနှင့် နိုင်ငံတော် လျို့ဝှက်ချက် ခိုးယူမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ကျခံရဖွယ်ရှိကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဂျို့စ်အားနက်က ပြောသည်။

" သူ့လုပ်ခဲ့တာတွေက အမေရိကန်တို့ကို အန္တရာယ် အောက်ကျရောက်စေနိုင် ခဲ့ပါတယ်၊ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးစေခဲ့ပါတယ်၊ ဒါကြောင့်မို့ မစ္စတာ စနိုဒင်အနေနဲ့ နိုင်ငံကို ပြန်လာပြီး ဥပဒေကြောင်းအရ ပြစ်ဒဏ်တွေကို ခံယူရပါမယ်" ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly