လီဗာပူးလ်၏ နေမာဖြစ်လာရန် နည်းပြကလော့ပ်မှ ကူညီနိုင်သည်ဟု ဖာမီနို ပြော

လီဗာပူးလ်၏ နေမာဖြစ်လာရန် နည်းပြကလော့ပ်မှ ကူညီနိုင်သည်ဟု ဖာမီနို ပြော

စက်တင်ဘာ ၁၆၊ အင်္ဂလန် ။            ။ ဘရာဇီးတိုက်စစ်ကစားသမား ဖာမီနိုက ၎င်းအား လီဗာပူးလ်၏နေမာဖြစ်လာစေရန် နည်းပြ ဂျာဂင်ကလော့ပ်မှ ကူညီနိုင်သည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဖာမီနိုသည် ပြီးခဲ့သည့်ရာသီက ဂျာမန်ကလပ် ဟော့ဖင်ဟိန်းအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် ၂၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ဖာမီနိုမှာ လီဗာပူးလ်တွင် ခြေစွမ်းပြကစားလျက်ရှိပြီး ယခုနှစ်ရာသီအစတွင်လည်း ငါးပွဲတွင် သုံးဂိုးသွင်းယူကာ ခြေစွမ်းပြလျက်ရှိသည်။

ဖာမီနိုက သူ၏ကစားသမားဘဝအခက်အခဲများကို ဖွင့်ဟပြောဆိုခဲ့ပြီး ကစားသမားတစ်ဦးအနေဖြင့် အစဉ်အမြဲကြိုးစားနေရန် လိုအပ်ကြောင်း ဆိုသည်။ ထို့အပြင် ဖာမီနိုက အသက် ၁၈ နှစ်အရွယ်အထိ ခံစစ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ကြောင်းလည်း ဖွင့်ဟခဲ့သည်။

‘ကျွန်တော် ခံစစ်အစွန်ကစားသမားအဖြစ် ကစားခဲ့ပါတယ်။ ပြီးတော့ ခံစစ်အတွင်းလူအဖြစ်ပြောင်းကစားပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် အသက် ၁၈ နှစ်အထိ နောက်တန်းကစားသမားအဖြစ် ကစားခဲ့တာပါ။

ဘရာဇီးက အရမ်းပူပါတယ်။ ဂျာမနီ(ဟော့ဖင်ဟိန်း)ကိုရောက်တော့ အရမ်းအေးပါတယ်။ အစားအစာ၊ ရာသီဥတုကအစ ယဉ်ကျေးမှုတွေပါ အားလုံးကွဲပြားပေမယ့် ဂျာမနီမှာ ရပ်တည်နိုင်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်ပဲ အခု ဒီနေရာမှာ ကျွန်တော် ကစားနိုင်နေတာပါ။ ကစားသမားတစ်ယောက်အနေနဲ့ ကြိုးစားမှုကို ဘယ်တော့မှ မရပ်လိုက်သင့်ပါဘူး။

နည်းပြ ကလော့ပ်အကြောင်းပြောရရင်တော့ သူက အရမ်းတော်တဲ့ နည်းပြတစ်ဦးပါ။ ဒေါ့တ်မွန်အသင်းကို သူနည်းပြနေတုန်းက သူ့အသင်းနဲ့ ကျွန်တော် လေးနှစ်ခွဲလောက် ရင်ဆိုင်ဖူးပါတယ်။ လီဗာပူးလ်ကို သူလာမယ်ဆိုတော့ အရမ်းဝမ်းသာမိတာပါ။ သူက ကျွန်တော့်ကို လီဗာပူးလ်ရဲ့နေမာ ဖြစ်လာအောင် ကူညီနိုင်မလားဆိုတော့။ ဟုတ်ကဲ့လို့ ပြောရမှာပါ။ ဒါပေမဲ့ ဒါက ကျွန်တော့်အပေါ်မှာပဲ အဓိက မူတည်နေပါတယ်’ ဟု ဖာမီနိုက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags