ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မြို့တော်ဝန်ဘဝ၌ တရားရေးဌာနဝန်ထမ်းတစ်ဦးကို အူဇီစက်သေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးကြောင်း လွှတ်တော်က ကြားနာနေ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မြို့တော်ဝန်ဘဝ၌ တရားရေးဌာနဝန်ထမ်းတစ်ဦးကို အူဇီစက်သေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးကြောင်း လွှတ်တော်က ကြားနာနေ

မနီလာ၊ စက်တင်ဘာ ၁၅ ။        ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ဒါဗာအို မြို့တော်ဝန်ဘဝက တရားရေးဌာနဝန်ထမ်းတစ်ဦးအား အူဇီစက်သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။

ထိုပြင် ယှဉ်ပြိုင်ဖက်များကိုလည်း သတ်ပစ်ဖို့ စေခိုင်းအမိန့်ပေးခဲ့ကြောင်း သုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် အက်ဂါမာတိုဘာတိုက လွှတ်တော်တွင် ကိုယ်တိုင်ထွက်ဆိုခြင်းဖြစ်သည်။

 ဆီးနိတ်လွှတ်တော်တွင် ကြားနာမှု၌ မာတိုဘာတိုက ၎င်းနှင့် ရဲတပ်ဖွဲ့များ၊ ကွန်မြူနစ်သူပုန်ဟောင်းများသည် ဒူတာတေး၏ အမိန့်ပေးစေခိုင်းမှုများအရ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်အတွင်း လူပေါင်း ၁၀၀၀ ခန့်ကို သတ်ဖြတ်လုပ်ကြံခဲ့ကြောင်း၊ တစ်ဦးသောသူကို သတ်ရာတွင် မိချောင်းစာကျွေးပြီး သတ်ခဲ့ကြောင်း ပြောသည်။

 သတ်ဖြတ်မှု အများစုကို လည်ပင်းကြိုးကွင်းစွပ်၍ သတ်ခဲ့ကြောင်း၊ လေးပုံတစ်ပုံသော သတ်ဖြတ်မှုမှာ မီးရှို့၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သုတ်သင်ရေးအဖွဲ့ဝင်ထားသည့် ရဲတစ်ဦးပိုင်သော ကျောက်မိုင်းတစ်ခုတွင် မြေမြုပ်အသတ်ခံရခြင်းများလည်း ရှိကြောင်း ၎င်းက ပြောသည်။ ထိုပြင် ပင်လယ်တွင်း ပစ်ချကာ ငါးစာကျွေးခြင်းများလည်း ရှိသည်ဟု ဆိုသည်။

သမ္မတဒူတာတေး၏ ရာထူးရယူပြီး ပထမရက်ပေါင်း ၇၂ ရက်အတွင်း မူးယစ်တိုက်ဖျက်ရေးများလုပ်ဆောင်ခဲ့ရာတွင် လူပေါင်း ၃၁၄၀ သေဆုံးသည်ဟု ရဲများကို ပြောထားခြင်းကြောင့် တရားမဲ့ သတ်ဖြတ်ခြင်းများ ရှိမရှိ လွှတ်တော် စစ်ဆေးကြားနာမှုတွင် အသက် ၅၇ နှစ်ရှိ မာတိုဘာတိုက ကိုယ်တိုင်လာရောက် ဖြေကြားခြင်းလည်းဖြစ်သည်။

 “ကျွန်တော်တို့အလုပ်က မူးယစ်ဆေးသမားတွေ၊ မုဒိမ်းကောင်တွေ၊ အလစ်သုတ်သမားတွေလို ရာဇဝတ်သားတွေကို သုတ်သင်ရတာပါ။”ဟု ၎င်းက ဆိုသည်။

 သို့သော်လည်း ဒူတာတေး၏ ပြိုင်ဖက်များကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း၊ ပြိုင်ဖက်မြို့တော်ဝန်တစ်ဦး၏ သက်တော်စောင့်လေးဦးလည်း ပစ်မှတ်ထားသတ်ဖြတ်ခံရကြောင်းလည်း ပြောသည်။

 ၁၉၉၃ ခုနှစ်အတွင်းက ၎င်းတို့သုတ်သင်ရေးအဖွဲ့သည် တရားရေးဌာနဝန်ထမ်းတစ်ဦးကို ဒဏ်ရာရစေကြောင်း ၎င်းက ပြောသည်။

 “အဲဒီလူကိုတော့ မြို့တော်ဝန် ဒူတာတေးကိုယ်တိုင်ပဲ အပြတ်ရှင်းလိုက်တာပါ။”ဟု မာတိုဘာတိုက ပြောကြားခဲ့သည်။

 သမ္မတ ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ မာတင်အန်ဒါနာက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုသည်။

 “မြို့တော်ဝန်တစ်ဦးအနေနဲ့ ဒီလိုတပ်ဖွဲ့မျိုးရှိနေပြီး အမိန့်ပေးနိုင်စွမ်း ရှိမယ်လို့ ကျွန်တော်တော့ မထင်ဘူး။”ဟု ၎င်းက ပြောသည်။

 နိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်အနေဖြင့်လည်း ဒါဗာအိုသုတ်သင်ရေးအဖွဲ့ ရှိနေသည်ဆိုခြင်းကို သက်သေမပြနိုင်ဘဲ ရှိကြောင်းလည်း အန်ဒါနာက ဆိုသည်။

 “ဒီလူ ဘာတွေ ပြောနေမှန်း ကျွန်တော်တော့ မသိဘူး။ တစ်ခုတည်း သံသယဖြစ်မိတယ်။ လူတစ်ချို့က အတ္တကိုယ်ကျိုးအတွက် အဲဒီလူကို သွေးထိုးစေခိုင်းနေတာပဲဖြစ်ပါမယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly