ငါ့ဆွေမျိုး၊ ငါ့မယား သဘောများမထားဘဲ ပြည်သူ့မျက်နှာကြည့်ရန် တနင်္သာရီ ဝန်ကြီးချုပ် ပြော

ငါ့ဆွေမျိုး၊ ငါ့မယား သဘောများမထားဘဲ ပြည်သူ့မျက်နှာကြည့်ရန် တနင်္သာရီ ဝန်ကြီးချုပ် ပြော

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို သွားနေဖြင့်ဖြစ်၍ ပြည်သူသာ အဓိကဖြစ်ပြီး ပြည်သူ့အကျိုးကို အဓိကထား ဖော်ဆောင်ရမည် ဖြစ်ခြင်းကြောင့် မည်သည့်လုပ်ငန်းလုပ်သည်ဖြစ်စေ ပြည်သူ့မျက်နှာကို ကြည့်ရန်လိုကြောင်း၊ ငါ့ဆွေမျိုး၊ ငါ့မယား ဆိုသည့် ရည်ရွယ်ချက်များ မထားရန် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က မြိတ်မြို့၌ စက်တင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

မြိတ်မြို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တနင်္သာရီမြို့ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ကျွန်းစုမြို့ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် မြိတ်မြို့ ပုလဲရတနာခန်းမတွင် တွေ့ဆုံစဉ်၌ ဝန်ကြီးချုပ်က တိုက်တွန်း   ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျွန်မတို့အားလုံး ဒီမိုကရေစီနိုင်ငံကို သွားနေတယ် ဆိုလို့ရှိရင် ပြည်သူက ကိုယ်စားရွေးချယ်ထားတဲ့ အုပ်ချုပ်ရေး စနစ်ကို သွားနေခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူသာ အဓိကဖြစ်ပြီး   ပြည်သူ့အကျိုးကို အဓိကထား ဖော်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် မည်သည့်လုပ်ငန်းပဲ လုပ်လုပ် ပြည်သူ့မျက်နှာကိုပဲ ကြည့်စေချင်ပါတယ်။ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ဒါကတော့ ငါ့ဆွေမျိုး ၊ ဒါကတော့ ငါ့ညီမ၊ ဒါကတော့ အမေ၊ ဒါကတော့ ငါ့မယားရဲ့ညီမ ဆိုတဲ့ ရည်ရွယ် ချက်မျိုး မထားပဲနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဖော်ဆောင်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းပါတယ်" ဟု ၎င်းကပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်အသီးသီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း အခက်အခဲများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွင် ကြုံတွေ့ရသည့် အခြေအနေများကို ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly