မြန်မာနိုင်ငံ ဘက်စုံ ဖွံ့ဖြိုးရေး အမေရိကန် အကူအညီပေးမည်

မြန်မာနိုင်ငံ ဘက်စုံ ဖွံ့ဖြိုးရေး အမေရိကန် အကူအညီပေးမည်

အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး အိမ်ဖြူတော်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဘက်စုံအကူအညီပေးမည်ဟူသည့် အချက်အပါအဝင် ဖွံ့ဖြိုးရေး ကျန်းမာရေးနှင့် ပညာရေးတို့အတွက် အမေရိကန်နှင့် မြန်မာတို့ ပူးပေါင်းလုပ်ဆောင်မည့် အချက် ရှစ်ချက်ကိုလည်း သဘောတူညီခဲ့သည်။

“မြန်မာ၏ အလုံးစုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပိုင်းအတွက် အမေရိကန်ဘက်က ကူညီပေးမည်ဖြစ်ကြောင်း၊ လက်ရှိ အကူအညီပေးရေးအစီအစဉ်များ၊ တာဝန်ခံမှုရှိသော ရင်းနှီးမြုှပ်နှံမှုများကို အားပေးနိုင်မည့် မူဝါဒရေးရာ ပြောင်းလဲမှုများမှတဆင့် ကူညီပေးမည်ဖြစ်ကြောင်း ပြောသည်။

တရားဥပဒေစိုးမိုးရေးကို ထောက်ကူနိုင်ရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများ ပေါ်ပေါက်လာနိုင်ရန် မြန်မာအစိုးရ၏ အားထုတ် နေမှုများကို ထောက်ခံအားပေးကြောင်းနှင့် အရှေ့တောင်အာရှဒေသတွင်း မူးယစ်မှု၊ အကြမ်းဖက်မှု စသည့် အမှုအခင်းများကို တားဆီးရာတွင် မြန်မာနှင့် အခြားသော အာဆီယံအဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မည်” ဟု ကြေညာချက်တွင် ပါရှိသည်။

ဖွံ့ဖြိုးရေးအတွက် သဘောတူလုပ်ဆောင်မည့် အချက်များတွင် အမေရိကန်မှ မြန်မာနိုင်ငံကို ပိတ်ဆို့ထားသည့် အချက်များကို ပြန်လည်ဖြေလျော့ပေးသွားမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် အကျင့်ပျက် ချစားမှုများ တိုက်ဖျက်ကြရန်လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။

အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးလားရန် အမေရိကန် ဒေါ်လာ ၁၀ သန်း ချေးယူရန်လည်းပါဝင်ခဲ့ပြီး ဆရာ ဆရာမ ၁၅၀၀ ကို အင်္ဂလိပ်စာ အရည်အသွေး တိုးမြင့်နိုင်ရန် သင်ကြားမှုများ ပြုလုပ်သွားမည်ဟု သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့အကြားပူးတွဲ ထုတ်ပြန်ချက် (ဘာသာပြန်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန်-မြန်မာအကြား ပူးတွဲကြေညာချက်တစ်စောင်ကို အိမ်ဖြူတော်က ထုတ်ပြန်လိုက်သည်။ ယင်းပူးတွဲကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

 အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီသို့ တရားဝင် အလည်အပတ်ခရီး ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ စက်တင်ဘာ ၁၄ ရက်က အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခု ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်သွားခဲ့သည်။

 ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ထားခဲ့သည့် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို နှစ်ဘက် ခေါင်းဆောင်များက အသိအမှတ်ပြု ဖော်ထုတ်ပြောကြားသွားခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်ခံ ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ယင်းနှစ်များအတွင်း ပိုမိုပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့ကာ ပြောင်းလဲမှုများ   ဖြစ်ပေါ်ထားခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လတွင်မူ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရသစ်တစ်ရပ် တက်လာခဲ့သည်။

 မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ရပ်လုံးနှင့် အတူ အမေရိကန်နိုင်ငံတို့၏ အားပေးထောက်ခံပေးနေမှုအပေါ် အသိအမှတ်ပြု တန်ဖိုးထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ သမ္မတ အိုဘားမားကလည်း လက်ရှိ မြန်မာ၏ ဒီမိုကရေစီ ပြုုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက် အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း   ပြောသည်။ မြန်မာ၏ ပြုပြင်ပြောင်းလဲမှုများမှ တဆင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံမှုပိုင်းတွင် သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်ထားခဲ့ခြင်း၊ နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တည်ဆောက် နိုင်မည့်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်းတို့အပေါ် နှစ်ဘက်ခေါင်းဆောင်များက မှတ်ချက်ပြုပြောကြားသည်။

 ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းရရှိအောင် ဆောင်ရွက်ခြင်းဖြင့်  မြန်မာ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်သမ္မတကို ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်က ကျင်းပနိုင်ခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံမှတဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိနိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိမည် ဖြစ်ပြီး  မြန်မာပြည်သူပြည်သား အားလုံးအတွက် အလုံးစုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် ဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

 အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ ရှုပ်ထွေးလှသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းသွားမည်ဖြစ်ပြီး ပြည်နယ်၏ စီးပွားရေး အလားအလာများ ဖြစ်ထွန်း   အောင်မြင်နိုင်ရေး လုပ်ဆောင်မည်ဟု သူမက အလေးပေးပြောကြားသည်။ မြန်မာအစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးပေးကာ စီးပွားရေး မူဝါဒများ ချမှတ်လုပ်ဆောင် နေကြောင်းလည်း  သူမက ပြောသည်။ ယင်းအတွက်ကြောင့် ခိုင်မာတောင့်တင်းပြီး အလုံးစုံပြည့်စုံသည့် ရေရှည်စီးပွားရေး တိုးတက်နိုင်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့်   နိုင်ငံတကာရင်းနှီးမြုှပ်နှံမှုများကို ဖိတ်ခေါ် ကြိုဆိုနေလျက်ရှိကြောင်း သူမက ဆိုသည်။ ယင်းအပြင် ဒီမိုကရေစီစနစ်ကို အခိုင်အမာ ချီတက်လုပ်ဆောင်နေသည့်အပေါ် အသိအမှတ်ပြုသည့်အနေဖြင့်  လည်းကောင်း၊ ရင်းနှီးမြုှပ်နှံမှုများကို တွန်းအားပေးစေလိုသည့် အနေဖြင့်လည်းကောင်း ကျန်ရှိနေသေးသော အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သည်။

 အမေရိကန် သမ္မတက ပြောကြားရာတွင်လည်း မြန်မာနိုင်ငံအောင်မြင်ရေးအတွက် ကူညီပေးရန်မှာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ သဘောထားပင် ဖြစ်ကြောင်း ပြောဆိုသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆိုသွားသည့် ဦးစားပေးကိစ္စများနှင့် စပ်လျင်း၍ မြန်မာနိုင်ငံကို သံတမန်ပိုင်းအရ ဆက်လက်ထောက်ခံပေး နေမည်ဖြစ်သကဲ့သို့ အကူအညီပေးရေး အစီအစဉ်များမှတဆင့် ဆက်လက်ကူညီပေးမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။ ကာလကြာရှည်နေခဲ့ပြီဖြစ်သော ရခိုင်ပြည်နယ်ကိစ္စရပ်များအတွက် ကိုင်တွယ် ဖြေရှင်းရန်အတွက် ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင်သော အကြံပေး ကော်မရှင် ဖွဲ့စည်းလုပ်ဆောင်ခဲ့မှုအပေါ် အစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း ထောက်ခံကြိုဆိုကြောင်း အိုဘားမားက ဆိုသည်။

 အလားတူ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံမှ ပေးအပ်လိုက်သော အခွင့်အရေးများကို ပြည်တွင်း ပဋိပက္ခများအတွင်း ပါဝင်ထားခဲ့သူအားလုံး အမိအရဖမ်းဆုပ်လိုက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် စေ့စပ်ညှိနှိုင်းမှု များမှတဆင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း အိုဘားမားက ဆိုသည်။ နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ပြည့်စုံအောင်မြင်နိုင်ရေး၊ လူ့အခွင့်အရေးပိုင်း ကာကွယ်ပေးနိုင်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်မှုစနစ် ဖွံ့ဖြိုးရေးတို့အတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၏ အရေးပါမှုကို အိုဘားမားက အလေးပေးပြောကြားခဲ့သည်။

မြန်မာ၏ အလုံးစုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပိုင်းအတွက် အမေရိကန်ဘက်က ကူညီပေးမည်ဖြစ်ကြောင်း၊ လက်ရှိ အကူအညီပေးရေးအစီအစဉ်များ၊ တာဝန်ခံမှုရှိသော ရင်းနှီးမြုှပ်နှံမှုများကို အားပေးနိုင်မည့် မူဝါဒရေးရာ ပြောင်းလဲမှုများမှတဆင့် ကူညီပေးမည်ဖြစ်ကြောင်း ပြောသည်။

တရားဥပဒေစိုးမိုးရေးကို ထောက်ကူနိုင်ရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများ ပေါ်ပေါက်လာနိုင်ရန် မြန်မာအစိုးရ၏ အားထုတ် နေမှုများကို ထောက်ခံအားပေးကြောင်းနှင့် အရှေ့တောင်အာရှဒေသတွင်း မူးယစ်မှု၊ အကြမ်းဖက်မှု စသည့် အမှုအခင်းများကို တားဆီးရာတွင် မြန်မာနှင့် အခြားသော အာဆီယံအဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်မည်ဟု အိုဘားမားက ပြောသည်။

 သမ္မတအိုးဘားမားနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အမေရိကန်-မြန်မာ ပူးပေါင်းဆက်ဆံမှုတွင် ခေတ်သစ်တစ်ခု ရောက်လာခဲ့ပြီဖြစ်ကြောင်း ပြောဆိုကြသည်။ ယင်းပူးပေါင်းမှုမှဆင့် နှစ်နိုင်ငံစလုံးအတွက် ကဏ္ဍပေါင်းစုံတွင် ပိုမိုနီးနီးကပ်ကပ် ချိတ်ဆက်ပူးပေါင်းနိုင်မည်ဖြစ်သည်။ ယင်းကြိုးပမ်းချက်များကို ရှေ့ဆက်လက် တွန်းအားပေးလုပ်ဆောင်နိုင်ရန် အတွက် သမ္မတအိုးဘားမားနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အောက်ပါအစီအစဉ်များဖြင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ထွန်းအောင်မြင်ထားသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲတိုးတက်မှုများကို အသိအမှတ်ပြုသည့် အနေဖြင့် အမေရိကန်အစိုးရက မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုကို   ပြန်လည်ပြင်ဆင် ပေးသွားမည်ဖြစ်သည်။

နိုင်ငံတကာအသိအမှတ်ပြု  အလုပ်သမားအခွင့်အရေးဆိုင်ရာ တိုးမြင့်ကာကွယ် စောင့်ရှောက်ပေးမှုပိုင်း လုပ်ဆောင်ထားနိုင်မှုအတွက် မြန်မာအပေါ် ကုန်သွယ်မှု အထူးအခွင့်အရေးများ ရရှိစေမည့် GSP ပြန်လည် ပေးအပ်သွးမည်ဖြစ်သည်။

တရားဥပဒေစိုးမိုးမှု အားကောင်းခိုင်မာလာရေး၊ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုတိုးမြင့်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ခြစားမှုတိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည့် ကျန်ရှိနေသေးသော စိန်ခေါ်မှုပြဿနာများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန် အမေရိကန်နှင့် မြန်မာတို့ သဘောတူညီသည်။

နှစ်နိုင်ငံ စီးပွားရေးကို အပြန်အလှန် ဖြစ်ထွန်းအောင်မြင်စေနိုင်ရန်နှင့် နှစ်နိုင်ငံရင်းနှီးမြုှပ်နှံငွေ စီးဆင်းမှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် ထိခိုက်စေလျက်ရှိသည့် ဥပဒေ၊ ကျင့်ထုံးများနှင့်စပ်လျင်း၍ အမြင်ချင်း ဖလှယ်ရန် နှစ်နိုင်ငံအကြား သဘောတူညီသည်။

အလုံးစုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားလုပ်ငန်းများ၏ အခန်းကဏ္ဍကိုလည်း နှစ်နိုင်ငံစလုံးက အသိအမှတ်ပြုသည်။ အမေရိကန်အနေဖြင့်  ပြည်တွင်း နိုင်ငံရှိ အသေးစားလုပ်ငန်းများကို ချေးငွေ ဒေါ်လာ ၁၀ သန်းထောက်ပံ့ပေးနိုင်ရန်အတွက် အသေးစားငွေချေးလုပ်ငန်းအဖွဲ့ငါးခုကို ချေးငွေတစ်ရပ် ထုတ်ပေးရန် ရည်ရွယ်ထားကာ ယင်းမှတဆင့်   မြန်မာပြည်သူပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စားသောက်ကုန်ဖူလုံမှုကိုပါ ထောက်ကူပေးနိုင်မည်ဖြစ်သည်။

အလားတူ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး စိတ်ချလုံခြုံမှုပိုင်း တိုးမြင့်ရေးအတွက် အမေရိကန်နှင့် မြန်မာတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ကူးစက်နိုင်သည့် ရောဂါများကို ကြိုတင်ကာကွယ်၊ စစ်ဆေး၊ တုန့်ပြန်ကုသနိုင်မည့် အမျိုးသားစွမ်းရည်ဆိုင်ရာ ပူးတွဲ အကဲဖြတ်မှုစစ်တမ်း JEE ကို ပြီးစီးထုတ်ဝေနိုင်တော့မည်ဖြစ်သည်။ အမေရိကန်အနေဖြင့် ယင်း JEE ကို ၂၀၁၆ ခုနှစ်က ပြီးစီးထုတ်ဝေထားနိုင်ခဲ့သည်။

အမေရိကန်နှင့် မြန်မာတို့သည် People-to-People ချိတ်ဆက် ဆက်ဆံမှုကို တိုးမြင့်လုပ်ဆောင်မည် ဖြစ်ပြီး အမေရိကန်တွင် ပညာသင်ကြားရန် စိတ်ဝင်စားသည့်ကျောင်းသားများအတွက်    မြန်မာနိုင်ငံတစ်ဝန်း အမေရိကန်၏  ပညာရေးဆိုင်ရာ အကြံပေးလုပ်ဆောင်မှုများကို ၅၀ ရာခိုင်နှုန်းထိ တိုးမြင့်ခြင်း၊ အင်္ဂလိပ်စာ ဆရာ၊ဆရာမ ၁,၅၀၀ ကို နောက်ထပ် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား သင်ကြားပြသမှုများ တိုးပွားစေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကို ကျွမ်းကျင်မှုများ ထောက်ကူပံ့ပိုးပေးနိုင်မည့် မြန်မာခေါင်းဆောင်များအတွက် အစီအစဉ်သစ်များ စတင်လုပ်ဆောင်ပေးခြင်းတို့ဖြင့် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်သည်။

အင်္ဂလိပ်စာ ဆရာ၊ဆရာမများကို လေ့ကျင့်သင်ကြားပေးမည့်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်သင်ကြားပေးမည့် ပထမအသုတ် ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်းများ ရောက်ရှိတော့မည့်အပေါ် အမေရိကန်နှင့်မြန်မာတို့ မျှော်လင့်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly