သမိုင်းတစ်လျှောက် ပမာဏအများဆုံး စစ်ရေး အကူအညီအဖြစ် အမေရိကန်က အစ္စရေးကို ဒေါ်လာ ၃၈ ဘီလီယံ ထောက်ပံ့

သမိုင်းတစ်လျှောက် ပမာဏအများဆုံး စစ်ရေး အကူအညီအဖြစ် အမေရိကန်က အစ္စရေးကို ဒေါ်လာ ၃၈ ဘီလီယံ ထောက်ပံ့

စက်တင်ဘာ ၁၄။                ။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိစ္စအပေါ် သဘောကွဲလွဲမှု ပိုမိုများပြားလာနေခဲ့သော်လည်း အမေရိကန်က အစ္စရေးကို စံချိန်တင်များပြားသည့် စစ်ရေး အကူအညီ   ဒေါ်လာ ၃၈ ဘီလီယံထိ ထောက်ပံ့ကူညီရန် သဘောတူခဲ့သည်။

အစ္စရေး နိုင်ငံအတွက် ဆယ်နှစ်သက်တမ်းရှိ စစ်ရေးကူညီမှု ဒေါ်လာ ၃၈ ဘီလီယံ ထောက်ပံ့မည့် သဘောတူညီချက် စာချုပ်ကို စက်တင်ဘာ ၁၄ ရက်တွင် လက်မှတ်ထိုးမည်ဖြစ်ကြောင်း အမေရိကန်   နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခု စစ်ရေးကူညီမှုပမာဏသည် အမေရိကန်သမိုင်းတစ်လျှောက် ပမာဏအများဆုံးသော စစ်ရေး ကူညီမှုလည်းဖြစ်လာခဲ့သည်။

အစ္စရေးနိုင်ငံကို ဆယ်နှစ်တာကာလအတွင်း ဒေါ်လာ ၃၈ ဘီလီယံထိ ထောက်ပံ့ကူညီရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း၊ ယခုပမာဏသည် အမေရိကန်တို့ ယင်း၏အဓိက မဟာမိတ်များကို   ထောက်ပံ့ပေးနေသည့် ပမာဏထက် တစ်နှစ် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ပိုများကြောင်း သိရသည်။

သို့သော်လည်း လက်ရှိ အချိန်တွင်မူ ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ အစ္စရေး၏ မူဝါဒချမှတ်လုပ်ဆောင်နေမှုအပေါ် သမ္မတ ဘရက်ခ် အိုဘားမား အစိုးရက အားမလိုအားမရ ဖြစ်မှုများ တိုးပွားလာနေလျက်ရှိသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ မူဝါဒများသည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိနိုင်မည့် မျှော်မှန်းချက်များကို ဆုတ်ယုတ်သွားစေနိုင်သည့် အန္တရာယ်ရှိနေကြောင်း ဝါရှင်တန်အစိုးရက သတိပေးထားခဲ့သည်။ သို့သော် အစ္စရေးသည် လက်ရှိအမေရိကန်၏ နံပါတ်တစ် မဟာမိတ်နိုင်ငံဖြစ်နေဆဲ ဖြစ်သည်။

ယခု စစ်ရေးကူညီမှု စာချုပ်သစ်မှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ အသက်ဝင်နေမည်ဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေးတာဝန်ရှိသူများက ပြောသည်။ လက်ရှိရှိရင်းစွဲ စစ်ရေးကူညီမှုစာချုပ်မှာ လာမည့် ၂၀၁၈ ခုနှစ်မှ သက်တမ်း ကုန်ဆုံးမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags