မလေးရှား ရေနံတင်သင်္ဘောအား ပြန်ပေးဆွဲသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြများကို ဗီယက်နမ်က နိုင်ငံလွှဲပြောင်းပေး

မလေးရှား ရေနံတင်သင်္ဘောအား ပြန်ပေးဆွဲသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြများကို ဗီယက်နမ်က နိုင်ငံလွှဲပြောင်းပေး

ဟနွိုင်း၊ စက်တင်ဘာ ၁၄ ။                     ။  မလေးရှား ရေနံတင် သင်္ဘောအား ပြန်ပေးဆွဲမှုဖြင့် သံသယရှိသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြ ရှစ်ဦးအား ပြီးခဲ့သည့်နှစ်က ဖမ်းဆီးမိထားရမှ ဗီယက်နမ်နိုင်ငံသည် မလေးရှားသို့ တရားခံများလွှဲပြောင်းပေးရန် သဘောတူလိုက်သည်။

၎င်းတို့ရှစ်ဦးသည် ၂၀၁၅ ဇွန်လအတွင်းက ဗီယက်နမ် အနောက်တောင်ပိုင်းရှိ တိုချုကျွန်းပေါ်သို့ အသက်လှေတစ်စင်းဖြင့် ရေမျော သောင်တင်လာခြင်းဖြစ်ပြီး ပင်လယ်တွင် မတော်တဆမှု ကြုံတွေ့လာခြင်း   ဖြစ်သည်ဟု ပြောကြသည်။

သို့သော် ၎င်းတို့ထံတွင် ငွေကြေးများစွာ သယ်ဆောင်ပါရှိလာသည်ကို ရှာဖွေတွေ့ရှိပြီး မလေးရှား ရေနံတင်သင်္ဘော MT Orkim Harmony ကို ပြန်ပေးဆွဲခဲ့သူများ ဖြစ်မည်ဟုဆိုကာ ဖမ်းဆီးထား လိုက်ခြင်းဖြစ်သည်။

“ဟနွိုင်း ပြည်သူ့တရားရုံးက ထိုသူရှစ်ဦးကို ကိုယ်နိုင်ငံ တရားဥပဒေနဲ့ တရားစီရင်ဖို့ အင်ဒိုနီးရှား သံရုံးက မေတ္တာရပ်ခံ တရားခံ လွှဲပြောင်းပေးဖို့ တောင်းခံထားတာကို ဖျက်သိမ်းလိုက်ပါတယ်။ မလေးရှားကလည်း တရားခံတွေကို လိုချင်ကြောင်း အဆိုပြုထားလို့ တရားရုံးက သဘောပြီး လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။”ဟု နိုင်ငံပိုင် VNExpress သတင်းဌာနက ဖော်ပြသည်။

အမှု စီရင်ချက်နှင့် ပက်သတ်ပြီး တရားရုံး တာဝန်ရှိသူများအား မေးမြန်းရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသော်လည်း ၎င်းသံသယရှိသူ ရှစ်ဦးအနေဖြင့် တရားရုံး ဆုံးဖြတ်ချက်ကို ၁၅ ရက်အတွင်း အယူခံဝင်ခွင့် ရှိကြောင်း သတင်းများ ကြားသိရသည်။

MT Orkim Harmony သည် ပြီးခဲ့သည့်နှစ် ဇွန် ၁၁ ရက်က မလေးရှား အနောက်ဖက်ကမ်းလွန်မှ အရှေ့ဖက်ကမ်း ကူအန်တန်ဆိပ်ကမ်းသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၆ သန်းရှိသော   ရေနံတန်ချိန် ၆၀၀၀ နီးပါး တင်ဆောင ်ခုတ်မောင်းလာစဉ် လက်နက်ကိုင် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။

သံသယရှိ ပင်လယ်ဓားပြရှစ်ဦးသည် အမှောင်ကို အကာအကွယ်ယူ၍ အသက်ကယ် လှေတစ်စီးဖြင့် လွတ်မြောက်သွားခဲ့ကြောင်း ယင်းအချိန်က မလေးရှား အာဏာပိုင်များက ပြောထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags