ထိုင်းတွင် ဇီကာကူးစက်သူ ၂၀၀ နီးပါးအထိ ရှိလာ

ထိုင်းတွင် ဇီကာကူးစက်သူ ၂၀၀ နီးပါးအထိ ရှိလာ

ဘန်ကောက်၊ စက်တင်ဘာ ၁၄ ။                     ။ ထိုင်းနိုင်ငံတွင် ဇန်နဝါရီမှစကာ ဇီကာဖြစ်ပွားသူ ဦးရေသည် စံချိန်တင် အရေအတွက်အဖြစ် ၂၀၀ နီးပါး ရှိသွားပြီဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်က ကျန်းမာရေးဝန်ကြီးဌာနက ပြောပြီး ဒေသတွင်း အတည်ပြုနိုင်သည့် ဇီကာကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်နေခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ဖြစ်ပွားသည့်နှုန်းကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပထမဆုံး အတည်ပြုခြင်းလည်းဖြစ်သည်။

ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဖြစ်ပွားမှုနှုန်းနှင့် ပတ်သက်ပြီး ပိုမိုထုတ်ပြန်ပေးသင့်ကြောင်း ကျန်းမာရေး ပညာရှင်များက တိုက်တွန်းလိုက်ပြီးနောက် ယခုကြေညာချက်ကို ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

“ဇန်နဝါရီက စပြီး ကူးစက်ဖြစ်ပွားမှုပေါင်း ၂၀၀ နီးပါးရှိတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်သုံးပတ်အတွင်းမှာ တစ်ပတ်ကို ပျှမ်းမျှအားဖြင့် ကူးစက်ခံရမှု ၂၀ လောက် ရှိခဲ့တာဖြစ်တယ်။” ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆုဝန်နာချိုင်းက ရိုက်တာသို့ ပြောသည်။

စင်ကာပူနိုင်ငံတွင်လည်း ဇီကာကူးစက်သူ ပထမဆုံးအဖြစ် သြဂုတ် ၂၇ ရက်က တွေ့ရှိပြီးနောက် ယခုအချိန်ထိ ကူးစက် ဖြစ်ပွားသူပေါင်းမှာ ၃၀၀ ကျော်ထက်မနည်း ရှိသွားပြီဖြစ်သည်။

မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင်လည်း ဇီကာကူးစက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags