ဖားအံခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ကေအန်ယူက တောင်းဆို

ဖားအံခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ကေအန်ယူက တောင်းဆို

ချင်းမိုင် စက်တင်ဘာလ ၁၃ ရက် ။          ။ ဖားအံခရိုင် ဖာပွန်ခရိုင်နှင့် ထိစပ်နယ်မြေဖြစ်သည့် မယ်သဝေါ ဒေသေတွင် အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့် တပ်တို့ ၏ စစ်ရေးလှုပ်ရှားမှု အပေါ် ကန့်ကွက်ကြောင်းနှင့် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်ပေးရန် ကရင်  အမျိုးသားအစည်းအရုံး(ကေအန်ယူ)က တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့များတွင် မယ်သဝေါဒေသအတွင်း မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့် တပ် ဖွဲ့များ ပူးပေါင်းကာ စောဆန်းအောင် ဦးဆောင်သော ဒီကေဘီအေ ခွဲထွက်တပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေ သဖြင့် ကေအန်ယူက စက်တင်ဘာလ ၁၃ ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကေအန်ယူက အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးထားပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်မှုမှာ ပူးပေါင်း ပါဝင်နေတယ်။ အစိုးရနဲ့ တပ်မတော်နဲ့လက်တွဲပြီး ဆောင်ရွက်နေတယ်။ ဒီလိုအကောင်အထည်ဖော် ဆောင် ရွက်နေတဲ့ ကာလမှ အခုလို ရုတ်တရက် စစ်ရေးတင်းမာမှုတွေ၊ စစ်ဆင်မှုတွေ ဖြစ်ပေါ်လာတာတွေ ကရင်ပြည်နယ် အ တွင်းမှာ ပူပင်သောကတွေ ဖြစ်လာတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လူထုယုံကြည်မှု အားနည်းလာတယ်။ အဲဒီမှာရှိတဲ့ လူထုတွေကလည်းဘဲ ကြောက်ရွံ့ပြီးတော့ထွက်ပြေးနေရတယ်။ အဲဒါတွေကြောင့်ပေ့ါလေ” ဟု KNU ၏ အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့က မဇ္ဈိမကို ပြောသည်။

မယ်သဝေါဒေသတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ ဒု က္ခရောက်နေမှုအပေါ် စစ်ရှိန် လျော့ချ၍ တိုက်ပွဲများ ရပ်တန့်ပေးရန်အတွက် စက်တင်ဘာလ ၁၀ ရက်က အမျိုးသားပြန် လည်ရင်ကြားစေရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌထံ လိပ်မူပြီး သက်ဆိုင်ရာဌာနာအသီးသီးသို့လည်း မိတ္တူ စာရေး သား ပေးပို့ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကေအန်ယူ ၏ သဘောထားကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ကေအန်ယူနှင့်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မယ်သဝေါဒေသတွင် ကေအန်ယူ ၏ တပ်မဟာ ၇ နယ်မြေ အတွင်းရှိပြီး သံလွင်မြစ်အနောက်ဘက်ခြမ်းတွင်   ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ် မြေများ တွင် ရှိနေသဖြင့် တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း သူက ပြောသည်။

ယခုအချိန်တွင် အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ကရင်ပြည်နယ် မယ်သဝေါ ဒေသအတွင်း ပြည်သူလူထုများကို စိုးရိမ်ကြောင့်ကြမှု၊ အတိဒုက္ခ ရောက်စေမှုများ ဖြစ်စေပြီး နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုကို ပျက်စီးစေရာ ရောက်ကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ကေအန်ယူနှင့် နိုင်ငံတော် အစိုးရတို့၏ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို ကရင် ပြည်သူလူထုများ၏ နားလည်မှု လွဲမှားမှုနှင့် ယုံကြည်မှုများကို ထိပါးလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 စက်တင်ဘာလဆန်းမှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မယ်သဝေါဒေသရှိ ဒေသခံ ရွာသား ၂၀၀၀ ခန့်သည် မြိုင်ကြီးငူဒေသသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသလို၊ တစ်ချို့ စစ်ပြေး ဒုက္ခသည်များမှာ ထိုင်းနယ်စပ်ဘက်သို့လည်း ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်ဟု သိရသည်။

 “ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ ပြဿနာရှိလို့ရှိရင် လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ ရှင်းလို့မရဘူးဆိုတာ ကျ နော်တို့ပြောပြီးပြီ။  ယုံကြည်မှုက ဒီတစ်ဖွဲ့က သူနိုင်လို့ရှိရင် ဒီတပွဲက သူရှုံးမယ်ဆိုရင် ပြန်ပြီး ပစ်မှာဘဲ။ ဒါကြောင့် မလို့ ကျနော်တို့ကလက်မခံနိုင်ဘူး”ဟု သူက ပြောသည်။

လက်ရှိအချိန်ထိ တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ ဒီကေဘီအေ ခွဲထွက် အဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags