အမေရိကန် သွားနေသည့် ဒေါ်စုကို “အမေစု ရွှေအိုးထမ်းလာပါ” လို့ သူရဦးရွှေမန်းပြော

အမေရိကန် သွားနေသည့် ဒေါ်စုကို “အမေစု ရွှေအိုးထမ်းလာပါ” လို့ သူရဦးရွှေမန်းပြော
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Palace of Westminster ၏ Speakers’ Apartment တွင် ဗြိတိန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဌ Rt. Hon. John Bercow နှင့်တွေ့ဆုံခဲ့သည်။

ဗြိတိန်နှင့် အမေရိကန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စိန်အိုး၊ ရွှေအိုးများ ထမ်းလာပေးပါရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ၏ လူမှုကွန်ယက်မှတစ်ဆင့် သတင်းစကားပါးလိုက်သည်။

“အမေ/အစ်မ(စု) UK ၊ USA ၊ UN ခရီးစဉ်မှာ ရွှေအိုးများ၊ စိန်အိုးများ ရွက်သယ်ပြီး ပြန်လာခဲ့စေချင်တယ်။ နိုင်ငံနှင့် ပြည်သူအတွက်လေ” ဟု ဦးရွှေမန်းကဆိုသည်။ ဆိုလိုရင်းမှာ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျော့ပေးနိုင်ရန် စွမ်းဆောင်ပြီး ရွှေအိုးထမ်းခဲ့စေလိုကြောင်း ရေးသားထားခြင်းဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများကြောင့် “သူတို့ပစ်မှတ်ထားသူတွေကိုထိတာထက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ အများပြည်သူများကိုသာ ဒုက္ခမျိုးစုံကြုံတွေ့ ခံစားမှုဖြစ်စေတယ်။ ထိုဒဏ်ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခတွေလည်း ကြုံတွေ့နေရတယ်” ဟု ဦးရွှေမန်းကဆိုသည်။ “မိမိတို့မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုက အချို့နိုင်ငံ၊ အချို့အဖွဲ့အစည်းများ၊ အချို့သူများ အတွက် အခွင့်အရေးရသွားစေတယ်” ဟုလည်းဆိုသည်။

 “အမေ/အစ်မ(စု)က မြန်မာပြည်သူတွေနှင့် မြန်မာနိုင်ငံကို အဲဒီဆင်းရဲဒုက္ခတွေ လွတ်မြောက်ဖို့၊ သူတို့လုပ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ၊ (Sanction)တွေ ဖြေလျော့ ရုပ်သိမ်းပေးအောင် စွမ်းဆောင်ပြီး။ အမေ/အစ်မ(စု)ကိုယ်တိုင်ရွှေအိုးများ၊စိန်အိုးများ နိုင်ငံနှင့်ပြည်သူအတွက် ရွက်သယ်ခဲ့ပေးပါ” ဟု ဦးရွှေမန်းက သတင်းစကားပါးထားသည်။

ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းပေးရန် အမေရိကန်သမ္မတ အိုဘားမား၊ ဟီလာရီကလင်တန်၊ Senator မက်ကော်နယ် တို့ထံ ပြောဆိုခဲ့သော်လည်း “အခြေအနေက သိပ်ပြီးမပြောင်းခဲ့ဘူး” ဟု ဦးရွှေမန်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်က ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. John Bercow နှင့် လည်းကောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ရန်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး ပညာရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်တို့ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly