ခန္တီးတွင် မြေလွှာများ အက်ကွဲလာခြင်းကြောင့် နေအိမ် ၂၉ လုံးရွှေ့ပြောင်းရန် အကူအညီလိုအပ်နေ

ခန္တီးတွင် မြေလွှာများ အက်ကွဲလာခြင်းကြောင့် နေအိမ် ၂၉ လုံးရွှေ့ပြောင်းရန် အကူအညီလိုအပ်နေ

ခန္တီး၊ စက်တင်ဘာ ၁၃ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာတွင် မြေလွှာအက်ကွဲမှုများဖြစ်ပေါ်လျှက်ရှိသောကြောင့် နေအိမ် ၂၉ လုံးရွှေ့ပြောင်းရန်အတွက် အကူအညီများလိုအပ်လျှက်ရှိကြောင်း ခန္တီးမြို့ မြို့မကျောင်းဆရာတော်က မိန့်ကြား သည်။

"ရွှေ့ဖို့ပြောင်းဖို့က ခက်တယ်။ ပိုပြီးခက်တာက မြေနေရာမရှိတာပဲ။ တတ်နိုင်တဲ့ သူတွေ အနေနဲ့ ကူညီပေး စေချင် တယ်"ဟု ဆရာတော်က မိန့်သည်။

အဆိုပါ မြေလွှာအက်ကွဲခြင်းများသည် ဇူလိုင်လ ဒုတိယပတ်လောက်မှ စတင်ဖြစ်ပွားခဲ့ပြီး မြေလွှာအက်ကွဲသောကြောင့် နေအိမ်၂၉လုံးမှာ တစ်ပေခန့် နိမ့်ဆင်းသွားကြောင်း သိရသည်။

ယင်းကဲ့သို့ နိမ့်ဆင်းသွားသည့် အိမ်များအနက် နေအိမ် ၉ လုံးမှာ ယာယီတဲများဖြင့်ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး ရွှေ့ ပြောင်း ခဲ့ သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငါးသောင်းငါးထောင်ကျပ် ထောက်ပံ့ပေးခဲ့သည်ဟုလည်း ရွှေပြောင်းခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ရွှေ့ပြောင်းမည့်သူများကို ကူညီနိုင်ရန်အတွက် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပေးသွားမည်ဟု ပါဆောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျောင်းရှန်က ဆိုသည်။

အဆိုပါ ပါဆောင်ကျေးရွာတွင် အိမ်ခြေ ၈၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်လျှက်ရှိကြောင်း သိရသည်။

မြေလွှာအက်ကွဲကြောင်းသည် တစ်မိုင်ကျော် ရှည်လျှားပြီး မည်သည့်အတွက်ကြောင့်ဖြစ်ပေါ်ခဲ့သည်ကို ပညာရှင် များ လည်း လာရောက်လေ့လာစေချင်သည်ဟုလည်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly