အိန္ဒိယတွင် မြစ်ရေနှင့်ပတ်သက်ကာ အဓိကရုဏ်းအကြမ်းဖက်မှုဖြစ်ပွား

အိန္ဒိယတွင် မြစ်ရေနှင့်ပတ်သက်ကာ အဓိကရုဏ်းအကြမ်းဖက်မှုဖြစ်ပွား

နယူးဒေလီ၊ စက်တင်ဘာ ၁၁ ။          ။ အိန္ဒိယနိုင်ငံ၏ နည်းပညာအချက်အချာအရပ်ဖြစ်သော ဘန်ဂါလူရူတွင် မြစ်ရေနှင့် ပတ်သက်သည့် အငြင်းပွားမှုကတစ်ဆင့် ကားများ၊ ဘတ်စ်ကားများအား မီးရှို့ခြင်းများ၊ လူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများအထိ အဓိကရုဏ်းဆူပူအကြမ်းဖက်မှု ဖြစ်ပွား၍ အဓိကရုဏ်းနှိမ်နှင်းရေးရဲများ ဖြန့်ကြက်ချထားသည်။

ဒေါသထွက်နေသည့် လူအုပ်ကြီးနှင့်အတူ ကားများ မီးလောင်နေသည့် ဖြစ်စဉ်များကို ရုပ်မြင်သံကြားက ပြသသည်။ ရထားလမ်းများ ယာယီပိတ်ထားကြောင်း ရဲက ပြောသည်။

ဘန်ဂါလူရူမြို့ရှိရာ ကာနက်တာကာပြည်နယ်အနေဖြင့် ကူးဝီရီမြစ်မှ ရေအား တစ်စက္ကန့်ကို ကုဗပေ ၁၂၀၀၀ အထိ အနီးရှိ တမီလ်နာဒူးပြည်နယ်သို့ ပေးပို့ရမည်ဟု အိန္ဒိယ တရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပြီးနောက်ပိုင်း ဆူပူအကြမ်းဖက်မှု ဖြစ်ပွားလာခြင်းဖြစ်သည်။

အဆိုပါ မြစ်နှင့် ပတ်သက်ပြီး ပြည်နယ်နှစ်ရပ်ကြားတွင် တင်းမာမှုက ရာစုနှစ်ကျော် ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွင်း တရားရုံးတစ်ရုံးက မြစ်ရေအား တမီလ်နာဒူးပြည်နယ်သို့ ပေးပို့ရန် အမိန့်ချမှတ်စဉ်တုန်းကလည်း တမီလ်များအပေါ် ဆန့်ကျင်သည့် ဆူပူအကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့၍ လူပေါင်း ၁၈ ဦးကျော်ထက်မနည်း သေဆုံးခဲ့သည်။

“ရုတ်ခြည်းတုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေကို မြို့အနှံ့မှာ ဖြန့်ကြက်ချထားပါတယ်။ မြို့သူမြို့သားတွေကို အေးအေးဆေးဆေးနေဖို့နဲ့ အကြောက်မလွန်ဖို့လည်း တိုက်တွန်းထားတယ်။”ဟု မြို့ရဲဌာနက တွစ်တာတွင် စက်တင်ဘာ ၁၂ ရက်က ရေးသားဖော်ပြသည်။

၂၀ မှ ၃၀ ကြားရှိ ဆန္ဒပြလူအုပ်တစ်အုပ်က တုတ်များ၊ ကျောက်ခဲများ ကိုင်ဆောင်ကာ ကားများကို တားပြီး ရှာဖွေခြင်းများ လုပ်ဆောင်နေသည်ကို ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ထိုသူများက တမီလ်နာဒူး မှတ်ပုံတင်ဖြင့် ကားများ၊ မော်တော်ဆိုင်ကယ်များကို လမ်းဘေးသို့ ဆွဲချကာ ကျောက်ခဲများဖြင့် ဝိုင်းဝန်းထုကြခြင်းဖြစ်သည်။ ရိုက်တာ၏ မျက်မြင်တွေ့ရှိမှုတွင် ထရပ်ကားဒရိုင်ဗာတစ်ဦး တုတ်ဖြင့် ရိုက်နှက်ခံရသည်။ ကာနက်တာကာပြည်နယ်မှတ်ပုံတင်ယာဉ်များကိုမူ ထိုဆန္ဒပြသူများက အတားအဆီးများ ချထားခြင်းမှ ဖြတ်မောင်းခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly