ရှေ့ကထက် ပိုချစ်သင့်တယ်

ရှေ့ကထက် ပိုချစ်သင့်တယ်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)/မဇ္ဈိမ
 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (သို့) ၂၁ ရာစု ပင်လုံ ပထမအချီကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ မောင်မှန်က အချီလို့ သုံးလိုက်တာ ဗိန်းမောင်းသံတွေလည်း ပါတန်သလောက် ပါနေလို့ပါ။ ယေဘုယျအားဖြင့် ပြောရရင်တော့ စာပွဲဝိုင်းမှာ ဗိန်းဗောင်းသံပါတာဟာ စစ်မြေပြင်ထက်တော့ အများကြီး သာတာပေါ့။ လေသေနတ်နဲ့ စစ်တိုက်တာ တကယ့်သေနတ်နဲ့ စစ်တိုက်တာထက် ကောင်းတာပေါ့။

၂၁ ရာစု ပင်လုံရဲ့ ဗိန်းဗောင်းသံက (ညီလာခံရပ်သွားပေမယ့်) ပဲ့တင်သံ ကျန်ခဲ့လေရဲ့။ အသံတော့ နည်းနည်းပြောင်းသွားတယ်။ နောင်ပေနောင်းတဲ့။ ပြောင်းရပေမပေါ့။ ရှမ်းပြည်နယ်မှာကိုး။ သမိုင်းက ကျီစားသန်တယ်ပဲ ပြောရမလား မသိဘူး။ ၂၀ ရာစု ပင်လုံ (ပထမပင်လုံ)ကို ရှမ်းပြည်နယ်၊ ပင်လုံမှာ ကျင်းပခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရှမ်းစော်ဘွားတွေလည်း ပါဝင် လက်မှတ်ရေးထိုးကာ ကျန်လူမျိုးစုတွေနဲ့အတူ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ပြီး လွတ်လုပ်ရေးကို အရယူခဲ့ကြပါတယ်။ ခု ဒုတိယပင်လုံ ပထမအချီအပြီးမတော့ (ပင်လုံကြောင့် မဟုတ်ပေမဲ့) NLD ပါတီထဲ အက်ကြောင်းပေါ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က ပြည်နယ်ဥက္ကဌအပါအဝင် ၅ ဦးကို တာဝန် ရပ်စဲလိုက်ပါတယ်။ ခရိုင်ဥက္ကဌ တစ်ယောက်ပါ (မုန့်ဟင်းခါး ဟင်းရည်လို) အဆစ်ပါ ပါသွားတယ်။ တောင်ကြီးမြို့ကို ကိုယ်တိုင်သွားရောက်ပြီး ဖြုတ်၊ ထုတ်လုပ်ခဲ့သူ NLD စပီကာကြီးက ပြည်နယ်ဥက္ကဋ္ဌကို ဖြုတ်ရတဲ့ အကြောင်းကို (၆-၉-၁၆)နေ့ နံနက်ပိုင်း VOA ရေဒီယိုနဲ့ တွေ့ဆုံခန်းမှာ ခုလို ပြောပါတယ်။ ပြည်နယ်ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဘာမှမလုပ်ဘူး။ နောက်ပြီး NLD နဲ့ ဆန့်ကျင်ဘက် NGO တွေမှာ သွားလုပ်ပေးနေတယ်တဲ့။   ပြည်နယ်ဥက္ကဋ္ဌ(ဟောင်း) ကလည်း VOA နဲ့ အင်တာဗျူးမှာပဲ "NLDအောင်နိုင်ရေးကို တောင်ကြီးမှာ အဆိုတော်တွေ ကားနဲ့ လှည့်တော့ ကျမ မပါဘူး။ လက်ပံတန်းကျောင်းသား သပိတ်က ကျောင်းသားတွေ သာယာဝတီမှာ ရုံးထွက်တာ သွားနေရတယ်။ ကျန်တဲ့အလုပ်တွေ တူပါတယ်" လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

မောင်မှန်တို့ မသိနိုင်သော NLD ပါတီရဲ့ အခြားသော အတွင်းကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်။ မောင်မှန်တို့ ပြည်သူတွေရဲ့ စေတနာအရင်းခံကတော့ NLD ပါတီ မပြိုကွဲ၊ မပျက်စီးဘဲ စစ်အာဏာရှင်စနစ်ကို ပြည်သူတွေနဲ့ အတူ အမြစ်က စလှန်ပစ်စေချင်တာပါ။ ဒါပေမဲ့ ဆန္ဒနဲ့ ဘဝဆိုတာ တစ်ထပ်တဲ မကျတတ်ဘူးမို့လား ခင်ဗျ။

NLD စပီကာကြီးရဲ့ ပြည်နယ်ဥက္ကဋ္ဌအပေါ် စွပ်စွဲချက်မှာ NLD နဲ့ ဆန့်ကျင်တဲ့ NGO တွေနဲ့ အလုပ်လုပ်တယ်ဆိုတာ ပါတယ်။ ပြည်နယ်ဥက္ကဋ္ဌ(ဟောင်း)ရဲ့ ဖြေရှင်းချက်မှာ ကျောင်းသားတွေရဲ့ သာယာဝတီရုံးထွက်သွားတယ်ဆိုတာ ပါတယ်။ ဒီစကားရပ်နှစ်ခုကို ထောက်ချင့်ရင် ဘယ်လိုမျိုး အဓိပ္ပာယ် သက်ရောက်သွားသလဲ။ စာဖတ်ပရိသတ်များဟာ ဉာဏ်ပညာအရာမှာ မောင်မှန့်ထက် သာလွန်ထက်မြတ်သူတွေချည်းပါ။ ကိုယ့်ဘာသာပဲ စဉ်းစား အဖြေရှာတော်မူကြပါခင်ဗျာ။ မောင်မှန် ရေးမပြတော့ပါဘူး။ ရေးမိလို့ စပီကာကြီး ဘဝင်မကျရင် သောက်ရူးအခါ ခြောက်ဆယ် အပြောခံရမှာလည်း စိုးပါတယ်။

တစ်ခါ တောင်ကြီးခရိုင် ဥက္ကဋ္ဌကို ထုတ်ရတဲ့အကြောင်းကိုလည်း စပီကာကြီးက (၅-၉-၁၆) နေ့ထုတ် Daily Eleven သတင်းစာမှာ ခုလို ပြောခဲ့ပါတယ်။ "နှုတ်မိန့်နဲ့ မဟုတ်ဘူး။ Facebook မှာ ပိုက်ဆံရှိရင် CEC လုပ်လို့ရတယ်ဆိုပြီးတော့ CEC ကို စော်ကားတဲ့စကား၊ ဒီမှာ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ တစ်ချို့ကောင်မလေးတွေ ကက်ကက်လန်အောင် ပြန်ပြောတာပဲ။ ဒီမိုကရေစီနည်းအရ ဒီလိုမပြောဘဲ Facebook တင်လိုက်လို့ ပါတီစည်းကမ်းနဲ့ မညီညွတ်လို့ ဒီကိစ္စ ပြတ်ပြတ်သားသားလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီက အမိန့်ရထားပြီးသား။ ဒါကြောင့် လုပ်လိုက်တာ" တဲ့။

တောင်ကြီးခရိုင် ဥက္ကဋ္ဌက ပြည်နယ်အမှုဆောင်တွေ ဖြုတ်၊ ထုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ CEC က ငွေပေးပြီး ဝယ်လို့ရတယ်။ နိုင်ငံရေးသမိုင်းကို ငွေပေးဝယ်လို့ မရဘူးလို့ မကျေမနပ် ရေးသားခဲ့မှုကြောင့် စပီကာကြီးက ထုတ်ပစ်ခဲ့တာပါ။ နှုတ်မိန့်နဲ့ ထုတ်တယ်ဆိုပြီး သူ့ကို ဝိုင်းစွပ်စွဲကြလို့ နှုတ်မိန့်နဲ့မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ထံက အမိန့်ရထားပြီးကြောင်း ပြန်ဖြေရှင်းနေတာပါ။ တောင်ကြီးခရိုင် ဥက္ကဋ္ဌကတော့ (၅-၉-၁၆) နေ့ထုတ် Daily Eleven သတင်းစာမှာ "အဲဒါပြောလို့ ကျနော်ကို ပါတီကထုတ်တယ်။ ထုတ်။ ဒါပေမဲ့ ဘာအပြစ်ရှိသလဲဆိုတာ စည်းကမ်းထိန်းသိမ်းရေးနဲ့ စစ်ဆေး၊ စစ်ဆေးအဖြေရှာပြီးတော့မှ ထုတ်" လို့ ပြောခဲ့ပါတယ်။ VOA ရေဒီယို (၆-၉-၁၆)နေ့ နံနက်ပိုင်းထုတ်လွှင့်မှုမှာတော့ ခရိုင်ဥက္ကဋ္ဌက "ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးကို တင်ရမယ်။ အဲဒီကမှ ဗဟိုပါတီ စည်းကမ်းထိန်းသိမ်းရေးကို ဆက်တင်ရမယ်" လို့ ဆိုသွားပါတယ်။

မောင်မှန့်အမြင်ပြောရရင် စပီကာကြီး နှုတ်မိန့်နဲ့ ထုတ်တယ်ဆိုတာ အမှန်ပါပဲခင်ဗျာ။ ခရိုင်ဥက္ကဌရဲ့ တုန့်ပြန်ချက်ကလည်း ဘာမှ မမှားပါဘူးခင်ဗျ။ ပါတီထဲက ထုတ်တယ်ဆိုတာ ကိုယ့်ခြံထဲကနေ မောင်းထုတ်တာမှ မဟုတ်ဘဲ။ ဘယ်သိပ်လွယ်လိမ့်မလဲ။ ဒီမိုကရေးစီနည်းကျ ဖွဲ့စည်းထားတဲ့ ပါတီဆိုတော့ ဒီမိုကရေစီနည်းကျပဲ အရေးယူ ဆောင်ရွက်ကြရမှာပေါ့။

NLD ပါတီဟာ ၂၀၁၅ မှာ ပြည်သူတွေရဲ့ အစစ်အမှန်ဆန္ဒမဲနဲ့ တစ်ခဲနက် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ ပါတီပါ။ ထူခြားတာဟာ NLD ရဲ့ အောင်မြင်မှုဟာ ပြည်မမှာသာမကဘဲ   ပြည်နယ်တောင်တန်းဒေသတွေမှာ ရရှိခဲ့တာပါ။ ဒါ အင်မတန် အရေးကြီးပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေဘက်က (ဘာလူမျိုးရေး ခွဲခြားမှုမျိုးကိုမှ မစဉ်းစားဘဲ) NLD ကိုပဲ ပုံအောခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် တစ်မျက်နှာတည်းကိုပဲ ကြည့်ခဲ့ကြတာပါ။ အခု ဒီတိုင်းရင်းသားဒေသတွေမှာပဲ ပြဿနာပေါ်နေပါပြီ။ (ရခိုင်ပြည်နယ် အရေးကလည်း မအေးလှသေးပါဘူး။) ဘာကိုမှ အလျင်စလို စိတ်လိုက်မာန်ပါ မလုပ်သင့်ပါဘူး။

၂၁ ပင်လုံကြီးမှာ တပ်မတော်သား ကိုယ်စားလှယ် တင်သွင်းတဲ့ စာတမ်းမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ ရှေ့ခရီး ဆက်ကြဖို့ ဆိုတာပါပါတယ်။ လွှတ်တော်က ၂၁ ပင်လုံ ကြိုဆိုကြောင်း ကြေညာချက် ထုတ်ဖို့ လုပ်တော့လည်းဘဲ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အသုံးအနှုံးကို ကန့်ကွက်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ထူးအိမ်သင်သီချင်း အရင်အတိုင်းပါပဲ။ NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေ အားလုံးရှေ့ကထက် ပိုချစ်သင့်တယ်လို့ မောင်မှန် ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly