ကျိုက်ထီးရိုးမှာ ကျိန်စာတိုက် အလှူခံခြင်းက ကင်းလွတ်ဖို့ သာသနာရေး ဝန်ကြီးဌာန ကြိုးပမ်းပြီ

ကျိုက်ထီးရိုးမှာ ကျိန်စာတိုက် အလှူခံခြင်းက ကင်းလွတ်ဖို့ သာသနာရေး ဝန်ကြီးဌာန ကြိုးပမ်းပြီ

အတင်းအကျပ် အလှူခံခြင်းနှင့် တည်းခိုခန်းမလုံလောက်ခြင်း၊ သန့်ရှင်းမှု အားနည်းချက်များရှိနေသည့် ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော် ပရိဝုဏ်နှင့် ဆက်စပ် ဧရိယာများအတွင်း စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

“ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမျှော်ကြသည့် မြန်မာပြည် တဝှမ်းမှ ရဟန်းရှင်လူပြည်သူ အပေါင်းသည် တည်းခိုခန်းခ မြင့်မားစွာ ပေးဆောင်ရခြင်း၊ အခကြေးငွေ မတတ်နိုင်သောသူများသည် ဘုရားရင်ပြင်ပေါ်တွင် ကျန်းမာရေး အထိခိုက်ခံ၍ ဖြစ်သလို အိပ်စက်နားခိုရခြင်း၊ အလှူခံဌာနများကလည်း အတင်းအဓမ္မ အလှူခံခြင်း၊ ကျိန်စာတိုက် အလှူခံခြင်း တို့ကြောင့် ဘုရားဖူး လာရောက်သူများ အနေဖြင့် စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဘုရားကို ကြည်ညို သဒ္ဒါပွားနိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရပါသည်။” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာများအတွင်း စည်ပျက်ကမ်းပျက် အမူအကျင့်နှင့် အခြေအနေဆိုး လေးချက်ကို ဖေါ်ပြထားပြီး “သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ ရဟန်းရှင်လူ ပြည်သူအများ အခမဲ့ တည်းခိုရန် တည်ဆောက်ထားခဲ့သည့် ဓမ္မာရုံများကိုလည်း တည်းခိုခန်းများ အဖြစ် ဥပဒေမဲ့စွာ ပြုပြင်တည်ဆောက်ခဲ့ကြပါသည်” ဟူသည့် အချက် တစ်ချက်လည်းပါဝင်သည်။

ထိုအခြေအနေများကြောင့် သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အချက်ရှစ်ချက်ဖြင့် ထိန်းသိမ်း ကြပ်မတ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ

 

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
************************************************************************
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး သည် မြန်မာပြည်သူပြည်သားများ၏ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူ ဖြစ်ပါသည်။ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်အချို့က - ဥပဒေမဲ့စွာဖြင့် ဟိုတယ်၊တည်းခိုခန်းများတည်ဆောက်ခြင်းကြောင့် ရှေးဟောင်း အဆောက်အဦ ၏ မြင်ကွင်းကိုလည်းကောင်း၊ ဝန်းကျင်သဘာဝမြင်ကွင်း ကိုလည်းကောင်း အဟန့် အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့် မူလဘူမိမြေသားခိုင်မာမှုကို ပျက်စီးစေ၍ မြေသားပြတ်ရွေ့ မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

၂။ ၎င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ ရဟန်းရှင်လူ ပြည်သူအများ အခမဲ့ တည်းခိုရန် တည်ဆောက်ထားခဲ့သည့် ဓမ္မာရုံများကိုလည်း တည်းခိုခန်းများအဖြစ် ဥပဒေမဲ့စွာ ပြုပြင်တည်ဆောက်ခဲ့ကြပါသည်။

၃။ ထို့ပြင် ဘုရားဖူး ရဟန်းရှင်လူပြည်သူများက ကျိုက်ထီးရိုးစေတီတော်၏ နဝကမ္မအတွက် လည်းကောင်း၊ ယုံကြည်မှုများအရလည်းကောင်း လှူဒါန်းမှုအစုစုဆောင်ရွက်လျှက်ရှိရာ အလှူခံ ဌာနများ၊ အလှူခံပုံးများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မလျော်ညီစွာ ကန်ထရိုက် စနစ်ပေး၍ အတင်းအကြပ် အလှူငွေ ကောက်ခံနေ သည်ကိုလည်း တွေ့ရှိရ ပါသည်။

၄။ အထက်ပါအခြေအနေများကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမျှော်ကြသည့် မြန်မာပြည်တဝှမ်းမှ ရဟန်းရှင်လူပြည်သူ အပေါင်းသည် တည်းခိုခန်းခ မြင့်မားစွာ ပေးဆောင်ရခြင်း၊ အခကြေးငွေ မတတ်နိုင်သောသူများသည် ဘုရားရင်ပြင်ပေါ်တွင် ကျန်းမာရေး အထိခိုက်ခံ၍ ဖြစ်သလို အိပ်စက်နားခိုရခြင်း၊ အလှူခံဌာနများကလည်း အတင်းအဓမ္မအလှူခံခြင်း၊ ကျိန်စာတိုက် အလှူခံခြင်း တို့ကြောင့် ဘုရားဖူးလာရောက်သူများအနေဖြင့် စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဘုရားကို ကြည်ညို သဒ္ဒါပွားနိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရပါသည်။

၅။ သို့ဖြစ်ပါ၍ ကျိုက်ထီးရိုးဆံတော်ရှင်သို့ ဘုရားဖူး ရဟန်းရှင်လူပြည်သူ အများ စိတ်ချမ်းမြေ့စွာ ကြည်ညို သဒ္ဒါပွားနိုင်ရန်အတွက်လည်းကောင်း၊ တရားဥပဒေစိုးမိုးရန် အတွက်လည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က အောက်ပါ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

-(က) ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ လုပ်ငန်းရှင်များက တည်းခိုခန်းပြုလုပ်ထားသောဓမ္မာရုံများကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်းရှင်လူပြည်သူအများအခမဲ့တည်းခိုခွင့်ရရှိရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ညှိနှိုင်း၍ ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

( ခ) ရိုးရိုးလေးကုမ္ပဏီက တည်ဆောက်ထားသော ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ဟိုတယ်အခန်း (၁၃၅)ခန်းအပြင် ဥပဒေမဲ့စွာ ဆောက်လုပ်ခဲ့သော အခန်း(၁၀၆)ခန်း ပိတ်သိမ်းရေး၊ သတ်မှတ်အမြင့်ပေ(၃၀)ထက် ကျော်လွန် ဆောက်လုပ်ခဲ့သည့် ဟိုတယ်အဆောက်အဦများကို ခေတ်မီနည်းပညာသုံး၍ ဖျက်သိမ်းရေးကို
စီမံ ကြီးကြပ်သွားမည်ဖြစ်ပါသည်။

( ဂ) စေတီတော်သို့ နေ့စဉ်ဘုရားဖူးလာရောက်သည့် အများပြည်သူများကို စေတီတော် ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားအလှူခံဌာနများအား ကန်ထရိုက်ပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဖျက်သိမ်း၍ စေတီတော် ဝန်ထမ်းများဖြင့် အလှူခံပုံးအား နေ့စဉ်ရေတွက်ခြင်း၊ နောက် တစ်နေ့ တွင် ဘဏ်သို့အပ်နှံခြင်း၊ အလှူခံဖြတ်ပိုင်းဖြင့် အလှူခံခြင်း အစရှိသည့် လုပ်ငန်းများ ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ ပိုမိုခန့်အပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေကာ အဆိုပါလုပ်ငန်းများ ကို ဂေါပကအဖွဲ့မှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်သွားမည် ဖြစ်ပါသည်။

(ဃ) နိုင်ငံအဝန်းဘုရားစေတီများ၌ ရွှေသင်္ကန်းကပ်လှူရာတွင် အရည်အသွေးကောင်းမွန်ရေး၊ အရွယ်အစားမှန်ကန်ရေး၊ ဈေးနှုန်းမှန်ကန်ရေးကို အလေးထား ဆောင်ရွက် ရမည်ဖြစ်ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ လက်ရှိအခြေအနေတွင် ရွှေဆိုင်း အရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစားမမှန်ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်း တို့ကို ပြုပြင်နိုင်ရန် အတွက် ရွှေဆိုင်းတင်ဒါပေးသွင်းမှုစနစ် မှန်ကန်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီမံကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပါသည်။

( င) ယခင်ဂေါပကအဖွဲ့ဝင် (၁၅)ဦးအနက် (၁)ဦး (ကွယ်လွန်) (၃)ဦး အနားယူခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ဂေါပကအဖွဲ့ဝင်(၁၁)ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၂)ဦး၊ စုစုပေါင်း(၁၅)ဦးတို့အား (၂၃.၈.၂၀၁၆)ရက်နေ့မှစ၍ ယာယီ ဂေါပကအဖွဲ့အဖြစ် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

(စ) ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်း(မူကြမ်း)အား သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ၊ ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့ဖြင့် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ (၂၅.၇.၂၀၁၆) ရက်နေ့တွင် ပေးပို့ခဲ့ပြီး အကြံပြုချက်များရရှိပါက ဂေါပကစည်းမျဉ်းနှ င့်အညီ ဂေါပက အဖွဲ့မှ ဆောင်ရွက်နိုင်ရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်း ဆောင်ရွက် မည်ဖြစ်ပါသည်။

(ဆ) ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပရိဝုဏ်အတွင်း ဥပဒေနှင့်မလျော်ညီစွာ ဆောင်ရွက် ခဲ့သည့် လုပ်ငန်းအသီးသီးအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားနိုင်ရေး အတွက် (၁၀.၈.၂၀၁၆)ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် တတိယအစည်းအဝေးသို့ တင်ပြ လျှောက်ထားခဲ့ရာ “ သာသနာရေးဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ” သြဝါဒပြု လမ်းညွှန်ခဲ့သဖြင့် အဆိုပါသြဝါဒအတိုင်း ကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပါသည်။

(ဇ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏သြဝဒါနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ မူဝါဒများအရ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်မလျော်ညီစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအသီးသီးကို ဥပဒေနှင့်အညီဖြစ်စေရန် စီမံကြီးကြပ်သွားမည်ဖြစ်ပြီး အထက်ဖော်ပြပါအချက်များကို သက်ဆိုင်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေ များနှင့်အညီ နိုင်ငံတော်ကိုယ်စား တရားစွဲဆို အရေးယူဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၆။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဘုရားဖူး ရဟန်းရှင်လူပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေး အတွက် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဝေယျာဝစ္စ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ထားရှိမည်ဖြစ်ပြီး ၎င်းတို့ကိုယ်စား အသစ်ဖွဲ့စည်းသွားမည့် ဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အများပြည်သူ သိရှိစေရန် ရှင်းလင်း ဖော်ပြအပ်ပါသည်။

၁၂.၉.၂၀၁၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly