လီဗာပူးလ်ကို ပြောင်းခဲ့တာက ဘဝမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဟု ဘာလော့တယ်လီ ပြော

လီဗာပူးလ်ကို ပြောင်းခဲ့တာက ဘဝမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဟု ဘာလော့တယ်လီ ပြော

စက်တင်ဘာ ၁၂၊ ပြင်သစ် ။            ။ လီဗာပူးလ်အသင်းမှ နိုက်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားသော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ သည် ပြင်သစ်ကလပ်အသင်းအတွက် ပထမဆုံးပွဲဦးထွက်တွင် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

နိုက်စ်အသင်းက မာဆေးလ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဘာလော့တယ်လီက နှစ်ဂိုးသွင်းပေးခဲ့ခြင်းဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်ရှိ အီတလီတိုက်စစ်မှူးက သူ၏ကစားသမားဘဝတွင် လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ခြင်းသည် အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်ဟု ပြောဆိုလိုက်သည်။

‘လီဗာပူးလ်အသင်းမှာ ဘရန်ဒန်ရော်ဂျာ၊ ဂျာဂင်ကလော့ပ် ဒီနည်းပြ နှစ်ယောက်နဲ့ ကြုံခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ကျွန်တော့်အပေါ်မှာ ကစားသမားအနေနဲ့ရော ပုဂ္ဂိုလ်ရေးပိုင်းမှာပါ ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုး မရှိခဲ့ပါဘူး။ အဲ့ဒီမှာနေခဲ့တဲ့ ကာလတစ်လျှောက်လုံး ကောင်းမွန်တဲ့ ခံစားမှုမျိုးမရခဲ့ပါဘူး။

အသင်းပရိသတ်တွေအပိုင်းကတော့ အားပေးတာ အံ့အားသင့်ဖို့ကောင်းပါတယ်။ ကစားဖော်တွေနဲ့လည်း အိုကေပါပဲ။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီကလပ်ကို မကြိုက်ပါဘူး’ ဟု ဘာလော့တယ်လီက ပြောဆိုခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိဘာလော့တယ်လီသည် လီဗာပူးလ်အသင်းသို့ ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့ပြီး ၂၈ ပွဲတွင် လေးဂိုးသာ သွင်းနိုင်ခဲ့သည်။ အေစီမီလန်ကို အငှားသွားကစားသည့်နှစ်ကလည်း ပွဲ ၂၀ တွင် ၁ ဂိုးသာ သွင်းနိုင်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags