ဘန်ကောက်ယာဉ်ကြောပိတ်ဆို့မှု စီးပွားရေးအရ တစ်ရက်ကို ဘတ် သန်းခြောက်ဆယ် ဆုံးရှုံး

ဘန်ကောက်ယာဉ်ကြောပိတ်ဆို့မှု စီးပွားရေးအရ တစ်ရက်ကို ဘတ် သန်းခြောက်ဆယ် ဆုံးရှုံး

ဘန်ကောက်၊ စက်တင်ဘာ ၁၀ ။               ။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၏ ယာဉ်ကြောပိတ်ဆို့မှုသည် ပြီးခဲ့သည့်နှစ်ကထက် ယခုနှစ်၌ လမ်းပေါ် အချိန် ၃၅ မိနစ် ပိုမိုကုန်ဆုံးနေခြင်းကြောင့် စီးပွားရေးအရ တွက်ချက်ကြည့်ပါက တစ်နှစ်လျှင် ဘတ် ၁၁ ဘီလီယံ ဆုံးရှုံးနေကြောင်း သုတေသနတစ်ရပ်က ဖော်ပြသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်၊ လုပ်အား၊ အခွင့်အလမ်းများ ဆုံးရှုံးခြင်းသည် အကယ်၍ ကားပေါ်တွင် ကုန်ဆုံးမည့် အချိန်၌ ပြည်သူများ လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးတန်ဖိုးနှုန်းထားအပေါ် အခြေခံတွက်ကြည့်ပါက တစ်နေ့ ဘတ် သန်း ၆၀ သို့မဟုတ် တစ်နှစ် ဘတ် ၁၁ ဘီလီယံ ဆုံးရှုံးနေစေခြင်းဖြစ်ကြောင်း ကာစီခွန်သုတေသနစင်တာက ခန့်မှန်းထားခြင်းဖြစ်သည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီးပွားရေးအရ နယ်ပယ်သုံးခုတွင် သက်ရောက်မှုရှိနေသည်။ ပထမတစ်ချက်မှာ လူမှုနေထိုင်ပုံ အပြောင်းအလဲဖြစ်သည်။

“လူတော်တော်များများက အချိန်ပိုရအောင် ဘူတာရုံတွေနား၊ ရုံးတွေနားက အမြန်အစားအစာတွေကို ပိုစားသုံးမှု များလာတယ်။ အချိန်ပေးရမယ့် စားသောက်ဆိုင်၊ ထမင်းဆိုင်တွေမှာ စားကြတဲ့ ပုံစံပျောက်သွားတယ်။”ဟု ထိုခန့်မှန်းချက်တွင် ဖော်ပြသည်။

လူစုပြီး ကားငှားခြင်း၊ မော်တော်ဆိုင်ကယ်တက္ကစီများ စီးခြင်းတို့ကဲ့သို့ ပိုမြန် ပိုခရီးပေါက်သည့် ယာဉ်စီးနင်းမှု အပြောင်းအလဲလည်း ရှိလာသည်။

ထိုပြင် ဆက်သွယ်မှု ပုံစံအပြောင်းအလဲများလည်း ဖြစ်လာသည်။ ဈေးဝယ်ထွက်ခြင်း အလေ့အထအစား အွန်လိုင်းမှ မှာယူဝယ်လာခြင်းများဖြစ်သည်။

“ထိုသို့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ငွေစီးဆင်းမှု အပြောင်းအလဲဖြစ်ခြင်းသည် စီးပွားရေးတန်ဖိုးနှုန်းထားကို ဖြည့်တင်းပေးနိုင်ခြင်း မရှိတော့ကြောင်း” ယင်းသုတေသနက ထောက်ပြသည်။

ဒုတိယအချက်အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် လောင်စာကုန်ဆုံးမှု ပိုမိုများပြားရခြင်းကိုလည်း အလုပ်သမားဝန်ထမ်းများက ပုခုံးထမ်းထားရပြီး ယင်းကြောင့် ကုန်ကျဆုံးရှုံးမှုတန်ဖိုးသည် တစ်နှစ် ဘတ် ခြောက်ဘီလီယံ ရှိနေသည်။

သို့သော် ယင်းအချက်က လုံးဝဆုံးရှုံးခြင်းမဟုတ်ဘဲ စွမ်းအင်လောင်စာလုပ်ငန်းအတွက်မူ အကျိုးအမြတ် ဖြစ်ပေါ်စေသည်။

လူများအနေဖြင့် ကားစုငှားခြင်း၊ ဆိုင်ကယ်ကယ်ရီစီးခြင်းတို့ကဲ့သို့ သွားရေးလာရေး စရိတ် ပိုသုံးစွဲလာခြင်းဖြင့် ရှော့ပင်ထွက်ခြင်းကဲ့သို့သော နေရာများတွင် ပိုက်ဆံပိုချွေတာလာကြရာ လက်လီအရောင်းဈေးဆိုင်များအတွက် ဆိုးကျိုးများဖြစ်လာစေခြင်းလည်းဖြစ်သည်။

ကားစုငှားခြင်း၊ မော်တော်ဆိုင်ကယ်တက္ကစီကဲ့သို့ သွားရေးလာရေးဝန်ဆောင်မှုများ၊ ကားဝပ်ရှော့များ၊ ဓာတ်ဆီဆိုင်များ၊ ကားပါကင်ဝန်ဆောင်မှုများကမူ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အကျိုးအမြတ်ရှိလာသည့် လုပ်ငန်းများပဲ ဖြစ်သည်။

ဆိုးကျိုးကြုံသည့် ကဏ္ဍများမှာမူ အများပြည်သူသုံးဘတ်စ်ကားလိုင်းများ၊ လက်လီအရောင်းလုပ်ငန်းများ၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည်။

တတိယအချက်အချက်အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အခြေခံအဆောက်အအုံရင်းနှီးမြုပ်နှံမှုများ ပိုမိုလိုအပ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly