အလာဗက်စ်ကို ရှုံးခဲ့ရခြင်းအတွက် မိမိတွင်သာ တာဝန်အပြည့်ရှိကြောင်း ဘာစီလိုနာနည်းပြ အင်းနရစ် ပြော

အလာဗက်စ်ကို ရှုံးခဲ့ရခြင်းအတွက် မိမိတွင်သာ တာဝန်အပြည့်ရှိကြောင်း ဘာစီလိုနာနည်းပြ အင်းနရစ် ပြော

စက်တင်ဘာ ၁၁၊ စပိန် ။            ။ တန်းတက် အလာဗက်စ်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းအတွက် ကစားသမားများကို အပြစ်တင်ရန်မရှိကြောင်းနှင့် မိမိတွင်သာ တာဝန်အပြည့်အဝရှိကြောင်း ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်က ပြောဆိုလိုက်သည်။

အင်းနရစ်သည် ထိုပွဲစဉ်တွင် အသင်း၏အဓိကတိုက်စစ်ကစားသမားများဖြစ်သော ဆွာရက်ဇ်နှင့် မက်ဆီတို့ကို အနားပေးထားခဲ့ပြီး အိုလံပစ်ပြိုင်ပွဲအပြီး အသင်းသို့ပြန်ရောက်လာသော နေမာကို ပွဲထွက်ကစားသမားစာရင်းတွင် ထည့်သွင်းအသုံးပြုခဲ့သည်။

ဘာစီလိုနာအသင်းသည် အလာဗက်စ်အသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်များစွာရခဲ့သော်လည်း ဦးဆောင်ဂိုးပေးခဲ့ရပြီး နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဘာစီလိုနာနည်းပြ အင်းနရစ်သည် ဒုတိယပိုင်းတွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် အင်နီယေစတာတို့ကို ထည့်သွင်းပြီး အနိုင်ရရန် ကြိုးပမ်းခဲ့သော်လည်း မရာမထင်ဖြစ်ခဲ့ရသည်။

‘အရာရာမှာ ကျွန်တော်တို့က အသာစီးရပြီး ရေပန်းစားခဲ့တာပါ။ ဒီရှုံးနိမ့်မှုက အောင်မြင်မှုရရှိဖို့ ဘယ်လောက်ခက်တယ်ဆိုတာ ကျွန်တော်တို့ကို သတိပေးလိုက်တာပါပဲ။

အခုပွဲအရှုံးနဲ့ပတ်သက်ပြီး တစ်ကိုယ်ရည်ထူးချွန်တဲ့ကစားသမားတွေအကြောင်းကို အပြစ်ပြောဆိုနေကြပါတယ်။ မဟုတ်ပါဘူး။ နည်းပြအကြောင်းပဲပြောရမှာပါ။ ဒီရှုံးနိမ့်မှုအတွက် ကျွန်တော့်မှာပဲ တာဝန်အပြည့်အဝရှိပါတယ်။

အလာဗက်စ်နဲ့ပွဲအတွက် ကျွန်တော်သေသေချာချာ မပြင်ဆင်ခဲ့မိပါဘူး။ အလာဗက်စ်နည်းပြ ပယ်လီဂရီနိုဟာ ဒီနေ့အသုံးပြုသွားတဲ့ ၅-၄-၁ ကစားကွက်ကို အရင်က မသုံးခဲ့ဖူးပါဘူး။ ဒါက ကျွန်တော်တို့အသင်းကို အခက်အခဲဖြစ်စေခဲ့ပါတယ်။ အလာဗက်စ်အသင်းကို ဂုဏ်ပြုပါတယ်’ ဟု အင်းနရစ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags