"ချင်းတွင်းမြစ်အတွင်း စီးဝင်ခဲ့သည့် ရေမဲ အဖြေသိတော့မည်"

"ချင်းတွင်းမြစ်အတွင်း စီးဝင်ခဲ့သည့် ရေမဲ အဖြေသိတော့မည်"
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

ခန္တီး၊စက်တင်ဘာ ၁၁ ။             ။ ချင်းတွင်းမြစ်အတွင်းရေမဲများ စီးဝင်ခဲ့ခြင်းကြောင့် ဓါတ်ခွဲစမ်းသပ်မှုများပြုလုပ်နေရာ စက်တင်ဘာလ ၁၂ ရက်တွင် အဖြေသိရမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် ချင်းတွင်းမြစ်တလျောက် သဘာဝပတ်ဝန်ထိန်းသိမ်းရေးပညာရှင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် နှစ်ဖွဲ့ခွဲ၍ စစ်ဆေးမှုများပြုလုပ်ကာ နေရာရှစ်နေရာမှ ရေနမူနာယူ၍ မန္တလေးမြို့ရှိ ဓာတ်ခွဲခန်းသို့ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြစ်ရိုး၊ချောင်းရိုးတစ်လျောက်ကို စက်တင်ဘာလ ၆ ရက်မှ စတင်စစ်ဆေးခဲ့ပြီး ၈ ရက်နေ့တွင် ရေနမူနာများကို ဓာတ်ခွဲခန်းအရောက် ပေးပို့ခဲ့သည်။

"အခုကျွန်တော်တို့ တွေ့ရှိတာကတော့ ဆိုးကျိုးမတွေ့သေးပါဘူး။ ငါးတောင်မသေပါဘူး။ ဒါပေမယ့်လည်း ဓာတ်ခွဲခန်းအဖြေထွက်မှ ဘာတွေပါတယ်။ ဘာတွေဆိုးကျိုးဖြစ်နိုင်မယ်ဆိုတာ သိရမှာပါ။"ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းကပြောသည်။

အဆိုပါရေမဲများသည် နာဂဒေသ၊ နမ့်စလင်ချောင်းဘက်မှ တောင်ပြို၍ သြဂုတ်လ ၂၂ ရက်က ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်လာခြင်းဖြစ်ကြောင်းသိရသည်။

ခန္တီးမြို့ခံတစ်ဦးဖြစ်သူ ကိုအောင်ဆန်းမြင့်က "ဒေသခံအနေနဲ့တော့ စိုးရိမ်တယ်။ ဒီဒေသက ချင်းတွင်းရေကိုပဲသုံးရတာလေ။ တစ်ခါမှမကြုံဘူးတော့ စိုးရိမ်တယ်။ ဒီဘက်မှာက ရွှေတူး၊ကျောက်တူး   နေကြတော့   အဲဒီက လာတဲ့ရေလို့လည်းထင်ကြတာပဲ။"ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ချင်းတွင်းမြစ်ရေသည် မူလအတိုင်း ပြန်လည်ဖြစ်နေသည်ကိုတွေ့ရသည်။

ရေမဲများခန္တီးမြို့သို့ စတင်ဖြတ်သန်းစီးဆင်းချိန်မှစတင်ပြီး လေ့လာစောင့်ကြည့်နေသူ ခေန္တီးဒေသခံ ဆရာ ဦးအုန်းလွင်က "ဆက်စောင့်ကြည့်နေတယ်။ အခုလောလောဆယ်တော့ ဆိုးကျိုးမတွေ့သေးပါဘူး။ အစိုးရဘက်ကလည်း လုပ်နေပြီ။ နောက်ထပ် စီးဆင်းလာမှုရှိမရှိ။ ရှိခဲ့ရင် အချိန်နဲ့တပြေးညီ စစ်ဆေးနိုင်အောင်လုပ်ဖို့လိုပါတယ်။"ဟုပြောသည်။

ခန္တီးဒေသခံအများစုသည် အစိုးရအဖွဲ့မှ ထုတ်ပြန်ပေးမည့် အဖြေကို စောင့်နေကြသည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly