အိန္ဒိယတွင် သွေးလွန်တုပ်ကွေးဖြစ်၍ ဆေးရုံတက်နေသည့် လူနာအမျိုးသမီးငယ်အား အဓမ္မပြုကျင့်သည့် ဆရာဝန်ကို ဖမ်းဆီး

အိန္ဒိယတွင် သွေးလွန်တုပ်ကွေးဖြစ်၍ ဆေးရုံတက်နေသည့် လူနာအမျိုးသမီးငယ်အား အဓမ္မပြုကျင့်သည့် ဆရာဝန်ကို ဖမ်းဆီး

နယူးဒေလီ၊ စက်တင်ဘာ ၉  ။             ။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်အတွင်း ဆရာဝန်တစ်ဦးသည် သွေးလွန်တုပ်ကွေးဖြစ်၍ ဆေးရုံတက်နေသည့် လူနာအမျိုးသမီးငယ်အား အဓမ္မသားမယားပြုကျင့်သည်ဆိုကာ ဖမ်းဆီးထားသည်။

အမာဒါဘတ်မြို့ရှိ ဆေးရုံ၌ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က အဆိုပါ ပြစ်မှုဖြစ်ပွားခြင်းဖြစ်သည်။ ဆေးရုံရှိ သီးခြားဖြစ်နေသော ပြင်းထန်လူနာကုသဆောင်တွင် အသက် ၂၁ နှစ်ရှိ အမျိုးသမီးအား ဆရာဝန်က သားမယားပြုကျင့်ခြင်းဖြစ်သည်။

ထိုသို့ ပြုကျင့်ရာတွင် ဆေးရုံအလုပ်သမားတစ်ဦးက ပါဝင်ကူညီပေးခဲ့ရာ ၎င်းကိုလည်း ဖမ်းဆီးထားသည်။

ဆရာဝန်က လူနာအမျိုးသမီးငယ်ကို ဆေးပြင်းများ ပေးကာ အသိမဲ့သွားအောင် လုပ်ပြီးမှ သားမယားပြုကျင့်ခြင်းဖြစ်ကြောင်း ရဲကပြောသည်။

“ဖြစ်ရပ်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲပဲဖြစ်တယ်။ ခုချိန် ဘယ်လိုထင်မြင်ချက်မျိုးမှ မပြောနိုင်သေးဘူး။”ဟု ဖြစ်ပွားသည့် Apollo ဆေးရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သူက ပြောသည်။

ကျုးလွန်သည့် ဆရာဝန်မှာ ပါကစ္စတန်နိုင်ငံသားဖြစ်ပြီး သက်တမ်းရှည်ဗီဇာဖြင့် ပြီးခဲ့သည့်နှစ်ကမှ အိန္ဒိယတွင် လာရောက်လုပ်ကိုင်သူဖြစ်ကြောင်း NDTV သတင်းတွင် ဖော်ပြသည်။

၂၀၁၂ ခုနှစ်အတွင်းက ကျောင်းသူတစ်ဦးအား ဘတ်စ်ကားပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း မုဒိမ်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများကို ဖော်ထုတ်ဖော်ပြလာခဲ့သည်။

နိုင်ငံအတွင်းလည်း ပြင်းထန်ကြီးလေးသည့် မုဒိမ်းမှုဆန့်ကျင့်သည့် ဥပဒေများ ပြဌာန်းလာခဲ့သည်။

သို့ရာတွင် နိုင်ငံတွင်း၌ အမျိုးသမီးများနှင့် ကလေးများအပေါ် လူမဆန်သည့် လိင်ပိုင်းဆိုင်ရာကျုးလွန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် သတင်းများ ထွက်ပေါ်နေမြဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags