လှိုင်သာယာရဲကို ဓားနဲ့ထိုးခဲ့သူကို ဖမ်းမိပြီ

လှိုင်သာယာရဲကို ဓားနဲ့ထိုးခဲ့သူကို ဖမ်းမိပြီ

လှိုင်သာယာမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ထိုးကာ သေဆုံးစေခဲ့သူကို စက်တင်ဘာ ၈ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ဆန်းလင်းအောင်အား ရဲတပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်းများပူးပေါင်း၍ နဝဒေးအိမ်ရာအနီး ရေမြောင်းအတွင်း ပုန်းအောင်နေစဉ်  ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံဓားနှင့်အတူ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိခဲ့ပါသည်” ဟု ဆိုသည်။

အမှုသည် သြဂုတ်လ ၈ ရက် ညနက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ “လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရပ်ရွာအခြေပြု အဖွဲ့များနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ အနီးလမ်းပေါ်တွင် မသင်္ကာတွေ့ရှိသူ လူငယ်(၄)ဦးအားစစ်ဆေးစဉ် အဆိုပါ(၄)ဦးအနက် တစ်ဦးမှ လှည့်ကင်းတာဝန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာ အခြေပြုအဖွဲ့ဝင်များအား ဓားဖြင့်ခုံခံရန်ပြု၍ ထွက်ပြေးသွားခဲ့” သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထိုအထဲမှ သုံးဦးဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ ဟန်ရှင်း (ခ)ချစ်ရင်ထူး၊ (၂၀)နှစ်၊ အင်းစိန်မြို့နယ်နေ နေလင်းထွန်း၊ (၃၁)နှစ်နှင့် လှိုင်သာယာမြို့နယ်နေ ခိုင်ဇော်ဦးတို့ကို ထိုနေ့တွင်ပင် ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေခဲ့ပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်မှာ ဆေးကုသမှုခံယူနေရာမှ အင်းစိန်ဆေးရုံ၌ သေဆုံးသွားခဲ့သဖြင့် လှိုင်သာယာမြို့မ ရဲစခန်း(ပ)၁၉၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ မှ ၃၀၂/၁၁၄ဖြင့်   ပြောင်းလဲစစ်ဆေး လျက်ရှိသည်ဟုလည်း ရဲတပ်ဖွဲ့ ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly