ဝန်ကြီးချုပ်အား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုကို မလေးရှားရဲ စုံစမ်းစစ်ဆေးနေ

ဝန်ကြီးချုပ်အား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုကို မလေးရှားရဲ စုံစမ်းစစ်ဆေးနေ

ကွာလာလမ်ပူ၊ ဇူလိုင်-၁၃ ။    ။ ၁၉၅၇ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် ညွှန့်ပေါင်းအစိုးရကို အမြစ်မှကိုင်လှုပ်လိုက်သည့် ဖွင့်ချမှုတစ်ခုဖြစ်သော ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ငွေစာရင်းထဲသို့ ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်သွားခဲ့သည်ဟု စွပ်စွဲထား သည့် လျှို့ဝှက်စာရွက်စာတန်းများ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေသည်ဟု မလေးရှားရဲက ဇူလိုင်လ ၁၃ရက်က ပြောကြား ခဲ့သည်။

နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ 1MDBကို အစိုးရ၏ စုံစမ်းစစ်ဆေးမှုဟု ယူဆရသည့် စာရွက်စာတန်း များပေါက်ကြားမှု မှာ နိုင်ငံတော်ကို ဆန့်ကျင်သည့် စီးပွားရေးအရ နှောင့်ယှက်ဖျက်ဆီးမှုဖြစ်နိုင်သကဲ့သို့၊ နာဂျစ်ကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံတော်ရဲချုပ် ခါလစ် အဘူ ဘာခါက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် မလေးရှား၏ ဒီမိုကရေစီဖြစ်စဉ်ကို ပျက်ပြားစေပြီး ဝန်ကြီးချုပ်အား ဖြုတ်ချဖယ်ရှားရန် လျှို့ဝှက်ကြံစည် သည့်ဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားနေသည်ဟု ခါလစ်က ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဘဏ်စာရင်းများ ရှိနေမှုနှင့် ရံပုံငွေများ လက်ခံခဲ့မှုကိုမူ နာဂျစ်က ငြင်းဆိုခဲ့ခြင်းမရှိပေ။ အစိုးရရံပုံငွေများကို ကိုယ်ကျိုးအတွက် ဘယ်တုန်းကမှ အသုံးမဲပြုခဲ့ကြောင်းနှင့် စွပ်စွဲမှုများမှာလည်း နိုင်ငံရေးအရ သိက္ခာချခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဝန်ကြီးချုပ်တာဝန်မှ ခေတ္တ ခွင့်ယူထားရန် အတိုက်အခံနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အကြိမ်ကြိမ်တောင်းဆိုမှုကိုလည်း နာဂျစ်က ပယ်ချခဲ့သည်။

ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (United Malays National Organization)ပါတီမှ အကြီးတန်းအဖွဲ့ဝင် အတော်များများ ကမူ ဝန်ကြီးချုပ်နာဂျစ်ကို လူသိရှင်ကြား ထောက်ခံကြသည်။ စာရွက်စာတန်းများကို မည်သူတွေက ပေါက်ကြားစေသည်၊ စာရွက် စာတန်းများမှာ အစစ်အမှန် ဟုတ်မဟုတ်နှင့် အတုလုပ်ထားခြင်းရှိမရှိကို ခွဲခြားနိုင်ရန်အတွက် 1MDBကို စုံစမ်းစစ်ဆေးနေသည့် အထူးတပ်ဖွဲ့နှင့် ဗဟိုဘဏ်အရာရှိများကို မေးမြန်းစစ်ကြောမည်ဟု ခါလစ်က ပြောကြားခဲ့သည်။

နိုင်ငံတော်ရှေ့နေချုပ်ကလည်း ယခုလအစောပိုင်းက နာဂျစ်နှင့် 1MDBတို့ ဆက်သွယ်ပတ်သက်နေသည့် သတင်းအချက်အလက် များပါဝင်နေသည့် စာရွက်စာတန်းများကို စုံစမ်းစစ်ဆေးသူများထံမှ လက်ခံရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။

1MDBနှင့်ဆက်သွယ်နေသည့် ရှယ်ယာများမှကန်ဒေါ်လာ သန်း၇၀၀မှာနာဂျစ်၏ ဘဏ်စာရင်းထဲသို့ စီးဝင်သွားကြောင်းဖော်ပြနေ သည့် စာရွက်စာတန်းများအကြောင်းကို The Wall Street ဂျာနယ်တွင် ပထမဆုံး ဖော်ပြလာ ခဲ့ခြင်းပင်ဖြစ်သည်။

နာဂျစ်၏ ဘဏ်စာရင်းသို့ ငွေလွှဲမှု ၅ကြိမ်ရှိခဲ့ပြီး၊ အကြီးမားဆုံး ငွေလွှဲမှုနှစ်ခုမှာ ရွေးကောက်ပွဲအကြို ၂၀၁၃ခုနှစ် မတ်လက လွှဲပို့ခဲ့သည့် ကန်ဒေါ်လာ သန်း၆၂၀တစ်ကြိမ်နှင့် ၆၁သန်းတစ်ကြိမ်တို့ ဖြစ်သည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

ရှေ့နေချုပ်ထံသို့ ပို့ဆောင်လာသည့် စာရွက်စာတန်းများက ရာဇဝတ်မှုစွဲချက်များအတွက် လမ်းပွင့်သွားစေပြီး၊ ဝန်ကြီးချုပ်နာဂျစ် ရာဇက်အားလည်း ၎င်း၏ နိုင်ငံရေးသမားဘဝတစ်လျှောက်တွင် အကြီးမားဆုံး အကျပ်အတည်းအတွင်းသို့ သက်ဆင်းကျရောက် သွားစေခဲ့သည်။ အကယ်၍ တရားစွဲခံရပါက မစ္စတာနာဂျစ်မှာ ရာဇဝတ်မှုစွဲချက်ကို ရင်ဆိုင်ရသည့် ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာ မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly