ဘင်္ဂလားဒေ့ရှ်တွင် ကုန်ထုပ်ပိုးမှု စက်ရုံတစ်ရုံ မီးလောင်ကျွမ်း၍ ၁၅ ဦးထက်မနည်းသေဆုံး၊ ရ၀ ကျော် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်တွင် ကုန်ထုပ်ပိုးမှု စက်ရုံတစ်ရုံ မီးလောင်ကျွမ်း၍ ၁၅ ဦးထက်မနည်းသေဆုံး၊ ရ၀ ကျော် ဒဏ်ရာရ

စက်တင်ဘာ ၁၀ ။                ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုန်ထုပ်ပိုးမှု စက်ရုံတစ်ရုံတွင် စက်တင်ဘာ ၁၀ ရက်က ဘွိုင်လာအိုး ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅ ဦး   သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု တာဝန်ရှိသူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂါဇီပူအာပြည်နယ် တုန်ဂီမြို့ရှိ ယင်းစက်ရုံတွင် လောင်ကျွမ်းနေခဲ့သော မီးမှာ အရှိန်ပြင်းထန် လွန်းနေပြီး မီးသတ်သမားများ ဝိုင်းဝန်းငြိမ်း သတ်နေရလျက်ရှိသည်။

" သေဆုံးသူဦးရေ ၁၅ ယောက်ထိ ရှိသွားပါပြီ၊ အနည်းဆုံး ၇၀ လောက် ဒဏ်ရာရထားပါတယ်၊ သူတို့ထဲ အများစုကတော့ မီးလောင်ဒဏ်ရာတွေ ရခဲ့ကြတာပါ၊ ဒဏ်ရာပြင်းထန်သူတွေကိုတော့ ဒါကာဆေးရုံကြီးဆီ ပို့လိုက်ပါပြီ " ဟု တုန်ဂီ ရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

ဒါကာမြို့ မြောက်ပိုင်းတွင် တည်ရှိသည့် စက်မှုမြို့ တုန်ဂီတွင် တည်ထားသော လေးထပ် အဆောက်အအုံ ယင်းစက်ရုံတွင် ဘွိုင်လာခန်းမှ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးစတင် လောင်ကျွမ်းခဲ့ချိန်တွင် အလုပ်သမား ၁၀၀ ကျော်ရှိနေခဲ့သည်ဟု သိရသည်။

အလားတူ လက်ရှိအချိန်ထိ မီးကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရပြီး စက်ရုံထဲတွင် အလုပ်သမားတစ်ချို့ ပိတ်မိနေဆဲရှိနေသဖြင့် စိုးရိမ်နေရကြောင်း ရဲများက ပြောသည်။

သတင်းများအရ ယင်းစက်ရုံတွင် သိုလှောင်ထားသော ဓါတုပစ္စည်းများကြောင့်လည်း ယခုကဲ့သို့ အချိန်တိုတွင်း မီးအရှိန် အားကောင်းစေခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ကောက်ချက်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags