စတာလင်း၏ ပြောင်းရွှေ့ကြေးအတွက် မန်စီးတီးနှင့် လီဗာပူးလ်တို့ သဘောတူညီမှုရရှိပြီ

စတာလင်း၏ ပြောင်းရွှေ့ကြေးအတွက် မန်စီးတီးနှင့် လီဗာပူးလ်တို့ သဘောတူညီမှုရရှိပြီ

အင်္ဂလန်၊ ဇူလိုင် ၁၃။ ။ မန်စီးတီးအသင်းနှင့် လီဗာပူးလ်အသင်းတို့သည် အင်္ဂလန်တောင်ပံကစားသမား စတာလင်း၏ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။

မန်စီးတီးအသင်းသည် စတာလင်းအတွက် ပေါင် ၄၉ သန်း ပေးချေရန် သဘောတူညီခဲ့ပြီး ပေါင် ၄၅ သန်းကို ချက်ချင်းပေးချေကာ ပေါင် ၄ သန်းကို အနာဂတ်တွင် ထပ်မံပေးချေရမည် ဖြစ်သည်။

ထိုပြောင်းရွှေ့ကြေးပမာဏကြောင့် စတာလင်းသည် အင်္ဂလန်ကစားသမားများထဲတွင် ဈေးအကြီးဆုံးကစားသမားဖြစ်လာပြီး ဒီမာရီယာနှင့် တောရက်စ်တို့၏နောက် ပရီးမီးယားလိဂ်၏ တတိယဈေးအကြီးဆုံးကစားသမား ဖြစ်လာခဲ့သည်။

လက်ရှိတွင် စတာလင်းနှင့် မန်စီးတီးတို့ စာချုပ်ကိစ္စအတွက် ဆွေးနွေးရန်နှင့် ဆေးစစ်ရန်သာ ကျန်ရှိတော့သည်။

စတာလင်းသည် မန်စီးတီးနည်းပြ ပယ်လီဂရီနီ၏ ယခုရာသီအတွက် နံပါတ်တစ် ပစ်မှတ်ကစားသမားဖြစ်သည်။ မန်စီးတီးအသင်းက စတာလင်းကို ခေါ်ယူရန် ပေါင် ၃၅ သန်းဖြင့် တစ်ကြိမ်၊ ပေါင် သန်း ၄၀ ဖြင့် တစ်ကြိမ်(နှစ်ကြိမ်စလုံးတွင် ဆုဖလားရရှိပါက ပေါင် ၅ သန်းထပ်မံပေးချေရန်ပါရှိ) ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ်က နှစ်ကြိမ်စလုံးပယ်ချခဲ့သည်။

စတာလင်းသည် ပြီးခဲ့သည့် ရာသီကတည်းက လီဗာပူးလ်အသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့မှုကို ငြင်းဆန်ခဲ့ပြီး အသင်းပြောင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း လီဗာပူးလ်အသင်း၏ ရာသီကြို ခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါရန် ငြင်းဆန်ခဲ့သည်။

ထို့အပြုအမူများကြောင့် လီဗာပူးလ်ပရိသတ်များမှာ စတာလင်းကို မုန်းတီးလျက်ရှိနေကြသည်။ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်နှင့် ကစားသမားဟောင်းများကလည်း စတာလင်း၏ လုပ်ရပ်ကို ဝေဖန်ခဲ့ကြသည်။

လီဗာပူးလ်အသင်းသည် ၂၀၁၀ ခုနှစ်က စတာလင်းကို ကျူပီအာအသင်းထံမှ ပေါင် ၅ သိန်းဖြင့် ဝယ်ယူခဲ့ရာတွင် ကစားသမား၏ အနာဂတ်တိုးတက်မှုအတွက် ၂၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပြုရန် သဘောတူညီထားသည်။ ထို့ကြောင့် လီဗာပူးလ်အသင်းသည် ကျူပီအာအသင်းကို ပေါင် ၉ သန်းနီးပါး ပေးချေရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly