၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်ရန် အရပ်ဖက်အဖွဲ့အစည်း များတောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်ရန် အရပ်ဖက်အဖွဲ့အစည်း များတောင်းဆို

ချင်းမိုင်၊ စက်တင်ဘာ ၇ ။          ။  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံညီလာခံ)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်ခြင်းနှင့် အမြင်များ ပွင့်လင်းစွာ တင်ပြမှုအပေါ် ကြိုဆိုကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးလုပ်ဆောင်ရန် အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုလိုက်သည်။

သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်ထိ ကျင်းပခဲ့သော NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ညီလာခံကို တက်ရောက်ခြင်းနှင့် စာတမ်းများ တင်သွင်းခဲ့မှုအပေါ် ကြိုဆိုကြောင်း နှင့် ညီလာခံကို အဓိက ဆွေးနွေးဘက်များအကြားတွင် ရှိနေကြသော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးဆိုင်ရာ အမြင်များကို ပွင့်လင်းစွာ တင်ပြ၍ တိုင်းပြည်နှင့် လူထုကို အသိပေးနိုင်ခဲ့သည့်အပေါ် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း စက်တင်ဘာလ ၇ ရက်က အရပ်ဘက် အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ညီလာခံမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးကြတာ။ ဆွေးနွေးချက်တွေ ကိုလည်း ပြည်သူတွေ အားလုံး သိအောင်လုပ် ပေးတယ် ဆိုတော့ ကြိုဆိုတဲ့အကြောင်း ပြောထားတယ်။ ဒါပေမဲ့အဲဒီမှာ သုံးသပ်တိုက်တွန်းချင်တာကတော့ ၂၀၀၈ ဖွဲ့ စည်းပုံက တဖက်က ဖက်ဒရယ်အာမခံတယ်လို့ ပြောတယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ ၂၀၀၈ ကို ပြင်ရမယ်လို့ ပြောတယ်။ အဲဒီလို ကွဲလွဲချက်က တကယ်တော့ ဖွဲ့စည်းပုံ အကြပ်အတည်းလို့ မြင်တယ်လေ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အမျိုးသားရင်ကြားစေရေးနဲ့ငြိမ်းချမ်းရေးရှုထောင့်ကနေပြီးတော့မှ ချင်းကပ်ပြီးတော့ လုပ်ဆောင်ပေးပါဆိုတာ တိုက် တွန်းတယ်”ဟု အရပ်ဘက်လူမှု အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ယာယီကော်မတီဝင် ဦးသွင်လင်းအောင်က ပြော သည်။

ညီလာခံတွင် တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပထဝီ အခြေခံ ဖက်ဒရယ်စနစ်ကို ဆွဲကိုင်ထားပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖိတ် ကြား ထိုက်သူများ အစုအဖွဲ့များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်နှင့် လူမျိုးစုအခြေခံနှင့် ပထဝီအခြေခံ ဖက်ဒရယ်စနစ်ကို အခြေပြုဆွေးနွေးကြသည်ဟု သုံးသပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ၏ အကျပ်အတည်းဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ် ရေး ကဏ္ဍိုင် သုံးခုကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းစဉ်များ ချမှတ်သွားရန် အ ဆိုပြု တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်အကြား လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်၍ အပစ် အခတ် ရပ်ဆိုင်းကြောင်း ဆွေးနွေးဘက်များမှ အမြန်ဆုံး ထုတ်ပြန်ကြေငြာပါရန်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ က တောင်းဆိုထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အန်စီအေ မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော် လက် အောက်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ အကြား စစ်ရေး တင်းမာမှုဖြစ်ပွားနေသဖြင့် နှစ်ဖက် စစ်အင် အားတိုး ချဲ့မှု လုံးဝ ရပ်တန့်ရန်၊ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ လုံးဝ ရပ်တန့်ရန် အပါအဝင် အချက် ၃ ချက်ကို တောင်းဆို ထား သည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ လမ်းပြမြေပုံသည် NCA လက်မှတ်ရေးထိုးခြင်းကို အခြေခံ လိုအပ်ချက်တစ်ရပ်အဖြစ် သတ်မှတ်ထားသောကြောင့် NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့များနှင့် မထိုးသေးသည့် အဖွဲ့များအကြား ဝိဝါဒ ကွဲပြား မှု များ၊ နားလည်မှုလွဲမှားမှုများ၊ စိတ်ဝမ်း ကွဲမှုများနှင့် လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ရန် အကျပ် အတည်းများ ဖြစ်ပေါ်စေနိုင်သည်ဟုလည်း သုံးသပ်ထားသည်။

“အန်စီအေမှာ ၈ ဖွဲ့ကလက်မှတ်ထိုးတယ်။ ကျန်တဲ့အဖွဲ့က မထိုးသေးဘူး။ အခုကြတော့ လက်မှတ်ထိုးပြီးတော့ အဲဒီ အောက်ကနေဘဲ သွားမယ်ဆိုတဲ့ပုံစံမျိုးညီလာခံမှာ ပြောတာကိုကြားရတယ်။ အဲဒီကိစ္စက တိုင်းရင်းသားအဖွဲ့တွေ ကြား ထဲမှာ အကွဲအပြဲတွေဖြစ်သွားနိုင်သလို၊ သွားနေတဲ့ လမ်းစဉ်ကလည်း နည်းနည်းလည်း ထိခိုက်နိုင်တာ တွေ့တဲ့အတွက် အန်စီအေမှာ အခြေခံမယ်ဆိုတာထက် တခြားလမ်းပြမြေပုံမျိုးတွေနဲ့ သွားရင်ရော မရဘူးလားဆိုတာမျိုး တိုက်တွန်းထား တယ်။ ကျန်တာကတော့ အားလုံး ပါဝင်အောင်လုပ်ပေးပါလို့ အဓိက အချက် ၃ ချက်တိုက်တွန်းတယ်”ဟု ဦးသွင်လင်း အောင်က ပြောသည်။

လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ယခုတစ်ကြိမ် ပါဝင်ခွင့်မရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပါဝင်ခွင့်ရစေရန်နှင့် ရွေးကောက်ပွဲတွင် အနိုင်မရသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးနှင့် လက်နက်ကိုင် အဖွဲ့အစည်းမရှိသော လူမျိုးစုငယ်များ၊ စစ်ဘေးရှောင်ပြည်သူ ကိုယ်စားပြုသူများ၊ အမျိုးသမီးကိုယ်စားပြုသူများ၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားပြုသူများ အပါအဝင် သက်ဆိုင်သူများအားလုံး ပါဝင်လာနိုင်ရေးအတွက်လည်း တိုက်တွန်းထားသည်။

၂၁ ရာစုပင်လုံ ညီလာခံတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ဖြစ်မြောက်ရေးယာယီကော်မတီနှင့် အရပ်ဘက် အဖွဲ့ အစည်းများမှ တာဝန်ခံများသည် လေ့လာသူများအဖြစ် တက်ရောက်ခဲ့ပြီး ကဏ္ဍအလိုက် အရပ်ဘက်အဖွဲ့ အစည်း များမှ ကျွမ်းကျင်သူများက အကျိုးဆောင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသားလူမျုးိစု အစုအဖွဲ့များအနေဖြင့် ပါဝင် ခဲ့မှု အပေါ် အသိအမှတ်ပြုမှတ်တမ်းတင်ကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly