သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ပါက အကျိုးအမြတ်ထက် ဆုံးရှုံးမှုပိုများနိုင်ဟုဆို

သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ပါက အကျိုးအမြတ်ထက် ဆုံးရှုံးမှုပိုများနိုင်ဟုဆို
သံလွင်မြစ်ထဲတွင် ငါးဖမ်းနေသည့် တံငါသည်တစ်ဦးအား 2014 ခုနှစ် သြဂတ်လ ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

စက်တင်ဘာလ ၇၊ ၂၀၁၆ ။                ။ သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက် မည်ဆိုပါက မြစ်ကြောင်း တစ်လျှောက် နေထိုင်သော ပြည်သူ လူ ထုများ၏ အသက်ေမွေးဝမ်းကြောင်းမှုများကို ထိခိုက်ရုံသာမက သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကိုပါ ပျက်စီးစေနိုင်သည့်အတွက် အကျိုးအမြတ်ထက် ဆုံးရှုံးမှုသာပိုများနိုင်ကြောင်း ရှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ တာဝန်ခံ ဦးစိုင်းခေးဆိုင်က မဇ္ဈိမသို့ ဖြေကြားသည်။

စက်တင်ဘာလ ၇ ရက်၊ နံနက် ၁ဝနာရီမှ ၁၂ နာရီထိ၊ ရန်ကုန်မြို့ အော့ခစ် ဟိုတယ်တွင်ပြုလုပ်သော တိုးတက် သော မွန်လူငယ်များအစည်းအရုံးမှ ထုတ်ဝေသော "တိမ်းစောင်းမခံ နိုင်သောမျှခြေ" အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် သတင်း စာရှင်း လင်းပွဲတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ရေကာတာ တည်ဆောက်မယ်ဆိုရင် တစ်အချက် ကျွန်တော်တို့ဒေသခံတွေထွက်ပြေးရမယ်၊ ရွာတွေရှောင်ရမယ်၊ ဘာ ဖြစ် လို့လဲဆိုတော့ ရွာတစ်ချို့က ရေအောက်ရောက်သွားမယ့် ရွာတွေပါတယ်၊ နှစ်အချက်က ရေကာဆောက် လိုက်ရင် ရေကာတာ တဝိုက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အကျိုးအမြတ်အတွက် အချင်းချင်း တိုက်နိုင်တယ်၊ နောက်တစ်ခုက မီးရလာမယ်ဆိုရင် ဘယ်နေရာမှာ ဘယ်လောက်သုံးမလဲဆိုတာ ၁ဝ ရာခိုင်နှုန်းပဲရမယ်၊ ၉ဝရာခိုင်နှုန်း က သူတို့နိုင်ငံတွေကိုတင်ပို့မှာဖြစ်တဲ့ အတွက် ၁ဝ ရာခိုင်နှုန်းမှာ အဝေမတည့်ရင် ပြသာနာဖြစ်နိုင်တယ်၊ လေးအချက်က မြစ်ကြောင်းတစ်လျှောက်မှာ သန်းချီနေထိုင်တဲ့ ပြည်သူလူထုတွေရဲ့ စာဝတ် နေရေး၊ အသက်မွေးဝမ်းကြောင်း ထိခိုက် မယ်၊ ပြန်တွက်မယ် ဆိုရင် သဘာဝပတ်ဝန်းကျင်ရယ်၊ သစ်တောရယ်၊ တော ကောင်တွေရယ်၊ အဓိက ပြည်သူလူထု တွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ဆောက်လုပ်မယ် ရေကာတာတွေရဲ့ ဝင်ငွေနှိုင်းယှဉ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှု ထက်ဆုံးရှုံးမှုပိုများတယ်၊"ဟု တာဝန်ခံ ဦးစိုင်းခေးဆိုင်က ဆိုသည်။

ရှမ်းပြည်နယ်ရှိ ကွမ်းလုံရေကာတာ (၁၄ဝဝ) မဂ္ဂါဝပ်နှင့် နောင်ဖာရေကာတာ (၁၂ဝဝ)မဂ္ဂါဝပ်ကို တရုတ်နိုင်ငံမှ အဓိက ဆောက်လုပ်သွားမည်ဖြစ်ပြီး သံလွင်မြစ်လက်တက်တစ်ခုဖြစ်သော နမ့်မမြစ်ပေါ်ရှိ မန်းတောင် ရေကာတာ (၂၂၅)မဂ္ဂါ ဝပ်၊ ကယားပြည်နယ်ရှိ ရွာသစ်ရေကာတာ(၄ဝဝဝ)မဂ္ဂါဝပ် တို့ကို တရုတ်နှင့် ထိုင်းနိုင်ငံတို့ရှိကုမ္ပဏီများမှ တည်ဆောက် ရန် အတွက် စီစဉ်နေကြောင်း တိုးတက်သောမွန်လူငယ်များ အစည်းအရုံး (MYPO)၏ ဒုတိယအကြိမ်အစီရင်ခံစာမှ သိ ရသည်။

"'ဒါက အန္တရာယ်ကွင်းဆက်မှာ ရှိနေတဲ့ ဒေသခံလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ ဘဝတွေကို လောင်းကြေး မလုပ်ဖို့ပေါ့နော်၊ လက်ရှိအစိုးရက ပြည်သူလူထုရွေးကောက်ထားတဲ့အစိုးရပေါ့နော် ၊ ဒါကြောင့် ပြီးခဲ့တဲ့စစ်အစိုးရ လက် ထက်က အမှားတွေကို ဆက်မလုပ်ဖို့ ကျွန်မတို့ တောင်းဆိုချင်တာ၊"ဟု တိုးတက်သောမွန်လူငယ်များ အစည်းအရုံး သု တေသန ကွင်းဆင်းဦးဆောင်သူ မိအားချိုင်းက ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့က သံလွင်မြစ်ပေါ်ရေအားလျှပ်စစ်စီမံကိန်း (ရေကာတာစီမံကိန်း) များတည်ဆောက်ရန် လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အတွင်းရေးမှူး ဦးထိန်လွင် တို့က ထုတ်ပြန် ကြေငြာခဲ့သည်ဟု တိုး တက်သောမွန်လူငယ်များ အစည်းအရုံး (MYPO)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ထုတ်ပြန်ကြေငြာတယ်ဆိုတာက လုပ်သင့်တယ်လို့ပဲပြောသွားတာ လုပ်မယ်လို့ ပြောတာမဟုတ်ပါဘူး၊ လူထုသဘော မတူမဘဲနဲ့ ကျွန်တော်တို့အစိုးရက ဘာမှမလုပ်ပါဘူး၊ အဲ့ဒါတော့ သေချာပေါက် ပြောရဲပါတယ် ပြောနိုင်ပါတယ်၊ ပြည်သူ လူထုသဘောဆန္ဒမပါဘဲနဲ့ ဘာတစ်ခုမှ မလုပ်ပါဘူး အဲ့တာတော့ လက်ရှိသွားနေတဲ့ မူဝါဒပဲလေ "ဟု လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစန်းယု ကမဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် တရုတ်နိုင်ငံအစိုးရက သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် အစီအစဉ်ချထားခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် ထိုင်းနိုင်ငံအစိုးရနှင့် သံလွင်ရေကာတာစီမံကိန်းကြီး ၄ခု တည်ဆောက်သွားရန် သဘောတူညီမှု သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြကြောင်း တိုးတက်သောမွန်လူငယ်များ အစည်းအရုံး (MYPO)၏ ဒုတိယအကြိမ်အစီရင်ခံစာမှ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly