ပြင်ဦးလွင်မြို့နယ်တရားရုံး၏ တရားစီရင်ရေးကို မကျေနပ်၍ ရေထွက်ကျေးရွာ ဒေသခံများ ဆန္ဒဖော်ထုတ်

ပြင်ဦးလွင်မြို့နယ်တရားရုံး၏ တရားစီရင်ရေးကို မကျေနပ်၍ ရေထွက်ကျေးရွာ ဒေသခံများ ဆန္ဒဖော်ထုတ်

ပြင်ဦးလွင်၊ စက်တင်ဘာ ၇ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာမှ ဒေသခံရွှေလုပ်သား ၃၀၀ ကျော်ကို တရားစွဲဆိုကာ ပြင်ဦးလွင်မြို့နယ် တရားရုံး၏ တစ်ဖက်သတ် တရားစီရင်နေမှုများကို မကျေနပ်သဖြင့် ရေထွက်ကျေးရွာမှ ဒေသခံ ၁၀၀ ဦးကျော်က ပြင်ဦးလွင်မြို့တွင် စက်တင်ဘာလ ၇ ရက်၊နံနက် ၁၀ နာရီက ဆန္ဒဖော်ခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည် ပြင်ဦးလွင်မြို့၊မြို့တော်ခန်မရှေ့မှ စတင်ကာ မြို့တွင်းသို့ ပတ်ပြီး ခရိုင်တရားရုံး နှင့်မြို့နယ် တ ရား ရုံးရှေ့များအထိ ချီတက်ခဲ့ကြသည်။

ချီတက်ရာ လမ်းတစ်လျှောက်တွင် တရားဥပဒေစိုးမိုးရေး(ဒို့အရေး)၊တရားစီရင်ရေးမဏ္ဍိုင်(တည့်မတ်ပေး)၊မမျှတသော တရားစီရင်ရေး (အလိုမရှိ)၊ဘက်လိုက်သော တရားသူကြီးများ (အလိုမရှိ)၊ဖြောင့်မတ်မှန်ကန်မှု မရှိသော တရားသူကြီး များ  (အရေးယူပေး)၊ မတရားဖမ်းဆီးခံထားရသော ရေထွက်ကျေးရွာဥက္ကဋ္ဌ ဦးကံဌေး (ချက်ခြင်းလွှတ်)၊ ရေထွက်ကျေး ရွာအမှု (အောင်ရမည်)ဟု ကြွေးကြော်ခဲ့ကြသည်။

"အမှုမှန်ဖော်ထုတ်ပေးဖို့နဲ့ဘက်လိုက်ပြီး တရားစီရင်နေတဲ့ တရားသူကြီးကို အရေးယူပေးဖို့ ဆန္ဒဖော်ထုတ်တာပါ။ ဒီလို သူ တွေကြောင့် တရားရေးမဏ္ဍိုင်ဟာ ယိမ်းယိုင်နေတာပါ။ ဒါကြောင့် ပြည်သူက တင်မြောက်ထားတဲ့ အရပ်သား အစိုးရ အနေနဲ့ ပြည်သူ့အသံကို နားထောင်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်။"ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးသိန်းအောင်မြင့်က ပြောသည်။

ရေထွက်ကျေးရွာသားများကို မြန်မာစည်သူကုမ္ပဏီမှ ရွှေခိုးတူးသည်ဟုဆိုကာ ကျေးရွာဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၃၀၀ ဦးကျော်ကို ပုဒ်မ ၃၇၉၊ သတ္တုတွင်းပုဒ်မ ၃၀(ခ)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးသိန်းအောင်မြင့်က ဆိုသည်။

ထိုသို့တရားစွဲဆိုခြင်းကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က စတင်ခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးနေဆဲဖြစ်သည်ဟု ဆန္ဒ ဖော် ထုတ်နေသူများက ဆိုသည်။

"ဒီလို အမှုကြန့်ကြာနေတာ တရားသူကြီးရဲ့ ဘက်လိုက်မှုကြောင့်ပဲ။ မျှတမှုမရှိဘူး။ အာမခံလျှောက်တာတွေလည်း ပယ် ချ တယ်"ဟု ဦးသိန်းအောင်မြင့် ကပြောသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ "စွပ်စွဲသူပဲဖြစ်ဖြစ်၊ စွပ်စွဲခံရသူပဲဖြစ်ဖြစ် သူတို့ရဲ့လိုအင်ဆန္ဒ မပြည့်တဲ့ အခါ မှာ တရားရုံးက ဘက်လိုက်ပါတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ကျွန်တော့်အနေနဲ့ ဘာမှမပြောချင် ပါ ဘူး။ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာပါ "ဟု ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းသူအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly