အရုပ်ဆိုးအကျည်းတန်စွာ ရိုက်နှက်ဖမ်းခံခဲ့ရတယ်လို့ဆိုတဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်

07 September 2016
အရုပ်ဆိုးအကျည်းတန်စွာ ရိုက်နှက်ဖမ်းခံခဲ့ရတယ်လို့ဆိုတဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်

ပညာရေး လွတ်လပ်ခွင့်ရှိမှ တိုင်းပြည်လွတ်လပ်မယ်။ ဒီမိုကရေစီ ပညာရေးရဖို့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ဖို့ လိုတယ်ဆိုတဲ့ ခံယူချက်နဲ့ ကျောင်းသားလှုပ်ရှားမှုများရဲ့ရှေ့တန်းကို ထွက်လာတဲ့   ကျောင်းသားခေါင်းဆောင် တစ်ဦးကတော့ မဖြိုးဖြိုးအောင်ပါပဲ။ ဖခင် နိုင်ငံရေးသမားတစ်ဦးရဲ့ သမီးဖြစ်သူဟာ တက္ကသိုလ်ကျောင်းသူတစ်ဦးအဖြစ် ။ အိမ်ရှင်မတစ်ဦးအဖြစ်၊   ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုယ်သူ ဘယ်လိုပုံဖော်ထုဆစ်ခဲ့ရသလဲ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ကျောင်းသားလှုပ်ရှားမှုကြီးတစ်ခုဖြစ်တဲ့ လက်ပန်းတန်း အရေးအခင်းမှာ သူ ဘယ်လိုပါဝင်ခဲ့သလဲ။ သူဘယ်လို ခံစားနာကျင်ခဲ့ရသလဲ။ သူက အခုလို စတင်ရှင်းပြပါတယ်။

““ကျွန်မတို့ကို ဖမ်းပါလို့ ကျွန်မတို့ပြောတယ်။ ကျွန်မတို့ လေးယောက်တစ်တန်း တန်းစီပေးမယ်လို့ ပြောတယ်။ တစ်တွဲစီဖမ်းပါ။ အရုပ်ဆိုးကျည်းတန်တဲ့အဖြစ်မျိုး ကျွန်မတို့ မဖြစ်ချင်ဘူး။ အဲတော့ လေးယောက်တစ်တွဲစီ ဖမ်းပါလို့ ပြောတဲ့အခါကျတော့ တာဝန်ခံ အရာရှိကနေပြီးတော့ သူတို့အနေနဲ့ ဒီလို ဖမ်းလို့မရဘူးပေါ့။ အမိန့်လည်း မရှိပါဘူးလို့ ပြောတယ်။ ဒါပေမယ့်လည်း ပြောခဲ့သလိုပဲ အရုပ်ဆိုးအကျည်းတန်စွာ ဆိုးဆိုးဝါးဝါးပုံစံနဲ့ ရိုက်နှက် ဖမ်းဆီးခံရတယ်။

ကျွန်မတို့ရဲဘော်တွေ အရိုက်ခံရတာက ကျွန်မအမြင်မှာတော့ တော်တော်ကို ခံရတာ တော်တော်ကို ဆိုးပါတယ်။ အဲဒီကာလမှာပေါ့။ ကျွန်မ တစ်ခုခု ထပြောလိုက်ရင် သူတို့ ပိုပြီးတော့များ အရိုက်ခံရမလားဆိုတဲ့ စိတ်မျိုး ကျွန်မမှာ ရှိတယ်။ ကျွန်မ ထပြောချင်တယ်။ ဒါပေမယ့် ကျွန်မ ပိုပြောလိုက်မှ သူတို့တွေကို မဲပြီးတော့ ပိုရိုက်မလားပေါ့နော်။ ကျွန်မ သူတို့လေးတွေနဲ့ အချိန်ပိုင်းလေးတွေ တွေ့ခဲ့ပါသေးတယ်။ သူတို့နဲ့ စကားပြောတဲ့အချိန်မှာလည်း သူတို့လေးတွေနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ စကားတွေပြောရင်းနဲ့ ရန်ကုန်ကို ဆက်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒုတိယတစ်ကြိမ် ပြန်တွေ့တဲ့အခါမှာတော့ ကျွန်မရဲဘော်တွေရဲ့ မျက်နှာတွေ ခန္ဓာကိုယ်ပေါ်မှာ သွေးတွေ ချွေးတွေ တစ်ကိုယ်လုံး ရွှဲဆိုနေတဲ့အချိန်မှာ ကျွန်မ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။ ”

ကျောင်းသားလှုပ်ရှားမှုတစ်ခုဖြစ်လာဖို့ ဒီမိုကရေစီပညာရေးတောင်းဆိုတိုက်ပွဲဝင်ဖို့ သူတို့ဘယ်လို အစပျိုးခဲ့ကြသလဲ။ ဘယ်လိုစုမိသွားကြတာလဲ။ ဒါကိုလည်း မဖြိုးဖြိုးအောင် ပြန်ပြောင်းပြောပြပါတယ်။

“တကယ်တန်းတော့ ၂၀၀၅-၂၀၀၆ လောက်မှာပဲ ကျွန်မတို့ အမေရိကန် စင်တာထဲမှာပဲ အမေရိကန် သံရုံးကဖွင့်ထားတဲ့ ယဉ်ကျေးမှုဌာနထဲမှာ ကျွန်မတို့ လူငယ်တွေ တက္ကသိုလ်အသီးသီးက ဒီနေ့ဒီအချိန်လိုမျိုး ဖေ့ဘုတ်လည်း မရှိဘူး။ ဖုန်းဆိုတာကလည်း ဒီနေ့ဒီအချိန်လိုမျိုး များပြား လွယ်ကူတဲ့အရာမဟုတ်ဘူး။ အဲလိုအခါမျိုးမှာ တစ်ကျောင်းနဲ့တစ်ကျောင်း ဆက်သွယ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ကိုယ့်ကျောင်းထဲမှာတောင်မှ ကိစ္စတစ်ခု အကြောင်းအရာတစ်ခု ပြန့်ပွားဖို့ဆိုတာ တော်တော်ကို ခက်ခဲတယ်။ အဲလိုအနေအထားမျိုးမှာ ကျွန်မတို့ ဒီ အမေရိကန်စင်တာထဲမှာ   နိုင်ငံရေး ကျောင်းသားဟောင်းတွေထဲကနေပြီးတော့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေက ဘုတ်ကလပ်ဆိုတဲ့ အဖွဲ့ကို ဖွဲ့ပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်လာတဲ့ ရန်ကုန်မြို့အနီးတစ်ဝိုက်မှာရှိတဲ့   ကျောင်းသားတွေကပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်မှာပဲ ဗကသအဖွဲ့ချုပ်ဆိုတာ ပေါ်လာတာပါ။”

သူကိုယ်တိုင်က နိုင်ငံရေးနယ်ပယ်ထဲ ဘယ်လိုခြေချလာခဲ့ရတာလဲ။

“ကျွန်မအဖေ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်လောက်မှာ  ကျွန်မဖခင် ပြန်လည်လွတ်မြောက်လာတယ်။ ကျွန်မက ကျွန်မအဖေ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုင်း တစ်လျှောက်လုံး ကျွန်မမိသားစုက ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ နီးစပ်တဲ့ အသိုင်းအဝိုင်း ဖြစ်လာခဲ့ပါတယ်။”

မဖြိုးဖြိုးအောင်ရဲ့ဖခင်ကလည်း နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။ သမီးဖြစ်သူဖြိုးဖြိုးအောင်နဲ့ပတ်သက်ပြီး ဖခင်တစ်ဦးရဲအမြင်က ဘယ်လိုရှိမလဲ။ မဖြိုးဖြိုးအောင်ရဲ့ဖခင်က အခု အနည်းငယ်ပြောပြပါတယ်။

“သမီးကို ကျွန်တော်က ထိန်းပေးရုံပါပဲ။ လမ်းမှားနေရင်လည်း ဆွေးနွေးပေးရုံလောက်ပါပဲ။ သူ့ဘာသာသူ လေ့လာတာများပါတယ်။ ကျွန်တော်အနေနဲ့ သမီးကို ပြောဆိုပေးရတာ နည်းပါတယ်။ သမီးနဲ့ ကျွန်တော်ကလည်း တွေ့ချိန်က နည်းပါတယ်။ သူနဲ့ သူ့အမေနဲ့ သူ့အဖွားနဲ့ အခြားပတ်ဝန်းကျင်က သူတွေက သူ့အပေါ်မှာ ကျေးဇူးပိုကြီးပါတယ်။ ကျွန်တော်ကျေးဇူးက ဒီလောက်မရှိပါဘူး။ ”

မဖြိုးဖြိုးအောင်က အိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ထောင်သည်ဘဝ၊ သူ့မိသားစုအခြေအနေ။ မဖြိုးဖြိုးအောင်က အခုလိုပြောပြပါတယ်။

“၂၀၁၅ ဇန်နဝါရီလက အိမ်ထောင်ကျပါတယ်။ အိမ်ထောင်သက်ကတော့ တစ်နှစ်ကျော်ပါပြီး။ ဒါပေမယ့် အတူနေရတာတော့ သိပ်မကြာသေးပါဘူး။ အိမ်ထောင်ကျပြီး နှစ်လအကြာမှာ ကျွန်မ ဖမ်းဆီးထိမ်းသိန်းခံရတယ်။ ထွက်ပြေး တိမ်းရှောင်နေခဲ့ရတယ်။ နောက်ပြီး သူလည်း နောက်ငါးလလောက်အကြာမှာ အဖမ်းခံရတယ်ပေါ့။ ပြန်လွတ်လာတာက ဧပြီလက ပြန်လွတ်လာပါတယ်။ တချို့ လေ့လာမိသလောက်ကတော့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေရဲ့ သားသမီးတွေက သူတို့ရဲ့ဘဝတွေမှာ လျှောက်လှမ်းနိုင်ဖို့ တော်တော်ကို ကြိုးစားရတယ်။ ရုန်းကန်ရတာ တွေ့ရတယ်။ ပြီးတော့လည်း များသောအားဖြင့်ပေါ့ သူတို့ရဲ့ဘဝတွေ ပေးဆပ်လိုက်ရတာ အဖေ အမေ ထောင်ထဲကို ရောက်သွားရုံနဲ့ မိသားစုတစ်ခုလုံး ပြိုပျက်သွားရတာမျိုးတွေ အများကြီးရှိတယ်။ ဆိုတော့ ကျွန်မတို့ အဲလိုမျိုး မဖြစ်စေချင်ဘူး။ ဒါကို ကျွန်မအနေနဲ့ ထိုက်တန်တယ်လို့တော့ မယူဆဘူး။ ကျွန်မတို့ လိုချင်တာကိုတော့ သွားတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မိသားစုတွေ ဘဝတွေ အပျက်ခံ ဒီ နိုင်ငံရေးအကျဉ်းစားတွေရဲ့ အသက်တွေ ဘဝတွေ ပေးလိုက်ရတာထက် ပိုပြီးတော့ မိသားစုလိုက်ပါ ပျက်စီးရတာတွေ ကျွန်မ မဖြစ်စေချင်တော့ဘူး။ ဒီထက်ပိုပြီးတော့ပေါ့။”

နောက်တော့ သူ ဘယ်လိုအဖမ်းခံခဲ့ရတယ်ဆိုတာကိုလည်း ရှင်းပြပါတယ်။

“၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ကျွန်မတို့တွေ တက်နိုင်တဲ့ဘက်ကနေပြီးတော့ သံဃာတော်တွေကို ဝန်းရံခဲ့တယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်။ ကျွန်မ အဲဒီကာလပြီး နောက်ပိုင်းမှာပဲ ကျွန်မတို့အဖွဲ့ချုပ်က ကျောင်းသားတော်တော်များများ ဖမ်းဆီး ထိမ်းသိန်းခံခဲ့ရတယ်။ ကျွန်မအနေနဲ့လည်း ထွက်ပြေး တိမ်းရှောင်ခဲ့တယ်ပေါ့နော်။ ၈ လလောက်တော့ ကြာမယ်။ ၂၀၀၈ မှာ နာဂစ်မုန်တိုင်းဖြစ်တယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်ပြီးတော့ ကျွန်မတို့ တစ်လအကြာမှာ ကျွန်မတို့ ဘိုကလေးဘက်မှာ ကယ်ဆယ်ရေးတစ်ခုကို သွားဖို့ ကျွန်မဖခင်ရဲ့ မိတ်ဆွေတစ်ယောက်ဆီကနေ ကျွန်မ သတင်းတစ်ခုရတယ်။ ကျွန်မအဖေလည်းပါတယ်။ ကျွန်မလည်းပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်က ကျောင်းသားငါးယောက်လောက် ပါပါတယ်။ ကျွန်မတို့ ဒီခရီးစဉ်မှာ ကူညီခဲ့တာပေါ့။ ဒါပေမယ့် အဲဒီကအပြန်မှာပဲ ကျွန်မတို့ ဘိုကလေးမြို့ရဲ့ အထွက်မှာပဲ ဖမ်းဆီးထိမ်းသိန်းခံခဲ့ရပါတယ်။ ဖမ်းဆီးရတဲ့အကြောင်းကတော့ ကျွန်မတို့အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးဖို့အတွက် လိုက်လံစုံစမ်းနေတာ ဖြစ်တဲ့အတွက် ကျွန်မကို ဖမ်းဆီးတာဖြစ်တယ်။ ဒုတိယအချက်ကတော့ ဒီဒေသကို လာရောက်တာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခေါ်မလဲ နိုင်ငံရေးအရ လှုံ့ဆော်ဖို့ စည်းရုံးရေးဆင်းတယ်လို့ သူတို့အနေနဲ့ ယူဆတယ်။ ဒါကြောင့်မို့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်မ ဖမ်းဆီးခံခဲ့ရပါတယ်။”

မဖြိုးဖြိုးအောင်ရဲ့ မိခင် ဒေါ်သန္တာခင်ကလည်း  သမီးဖြစ်သူ ပညာပြည့်စုံအောင် သင်ဖို့အခြေအနေမပေးခဲ့တာနဲ့ သမီးအပေါ်အမြင်ကို အခုလိုပြောပြပါတယ်။

“အန်တီကို ကျေနပ်သလားလို့မေးရင်း အန်တီက အမေတစ်ယောက်အနေနဲ့ မကျေနပ်နိုင်ဘူး။ ဘာဖြစ်လို့ မကျေနပ်လဲဆိုရင် သမီးဖြိုးဖြိုးမှာ ပညာမပြည့်စုံဘူး။ ဒါ အန်တီအတွေး။ အမေတစ်ယောက်ရဲ့ အတွေးပေါ့။ ပညာမပြည့်စုံတော့ အတွေးအခေါ် အယူအဆတွေ ထိုက်သင့်အားလျောစွာ သူ့အသက်နဲ့သူ့အတွေးအခေါ်တော့ ရှိပါလိမ့်မယ်။ ရင့်ကျက်တဲ့ အတွေးအခေါ်ပိုင်ရှင် မဟုတ်လောက်ဘူးလို့တော့ အန်တီက အမြဲတမ်းယုံတယ်။”

ကျောင်းသားလှုပ်ရှားမှုတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ မဖြိုးဖြိုးအောင် ကျောင်းဆက်တက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“နည်းပညာတက္ကသိုလ်မှာ ကျွန်မ တတိယနှစ်ကို စာမေးပွဲ ဖြေခါနီးကာလမှာ ရွှေဝါရောင်တော်လှန်ရေးကလည်း ဖြစ်ပေါ်လာတယ်။ အဲဒီတော့ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ကျွန်မ ပါဝင်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်မ စာမေးပွဲလည်း သွားမဖြေနိုင်တော့ဘူး။ ပြီးတော့ အကျဉ်းထောင်ထဲမှာ သုံးနှစ်ကျော်လောက် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်။ ထောင်ကပြန်လွတ်တဲ့အခါမှာ ကျွန်မ ကျောင်းပြန်တက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျောင်းက လက်မခံဘူးပေါ့နော်။ ကျောင်းနဲ့ နှစ်နှစ် ကင်းကွာလို့ရှိရင် ကျောင်းကနေ အလိုအလျောက် ထုတ်ပယ်ခြင်းခံရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ကျောင်းသား ကျောင်းပြန်တက်လို့ မရပါဘူးလို့ ကျောင်းက ပြောပါတယ်။ အဲတော့ ကျွန်မ အခုချိန်ထိ ကျောင်းပြန်တက်ခွင့် မရသေးပါဘူး။ ”

Mizzima Weekly