ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို

ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို

စက်တင်ဘာ ၇၊ အင်္ဂလန် ။            ။ စပါးအသင်းသည် ၎င်းတို့အသင်း၏ အဓိကကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ကို လေးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အဲရစ်ဆင်သည် စပါးအသင်းတွင် ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေတော့မည် ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်သည် ၂၀၁၃ ခုနှစ်က အေဂျက်ဇ်အသင်းမှ စပါးသို့ရောက်ရှိလာခဲ့သူဖြစ်သည်။ စပါးအသင်းတွင် ကစားခဲ့သည့် ကာလတစ်လျှောက် ပြိုင်ပွဲစုံပွဲပေါင်း ၁၃၄ ပွဲပါဝင်ကစားပြီး ဂိုး ၃၀ သွင်းယူပေးထားသည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် အဲရစ်ဆင်က ‘စပါးအသင်းက အနာဂတ်တောက်ပနေတဲ့အသင်းပါ။ ဒါကို မမြင်တွေ့ဘူးဆိုရင် ကျွန်တော်စာချုပ်သစ်ချုပ်ဆိုမှာ မဟုတ်ပါဘူး။

စပါးအသင်းက ကောင်းမွန်တဲ့ အသိုင်းအဝိုင်းဖြစ်ပါတယ်။ ကစားသမားတွေ တစ်ဦးအပေါ်တစ်ဦးဆက်ဆံတာကောင်းမွန်သလို၊ ကစားသမားနဲ့ အသင်းဝန်ထမ်းတွေကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။

ကျွန်တော်တို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အဆုံးထိကြိုးစားသွားမှာပါ။ စပါးအသင်းအောင်မြင်မှု ရရှိရမယ်လို့ ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိနေကြပါတယ်’ ဟု အဲရစ်ဆင်က ပြောသည်။

အဲရစ်ဆင်သည် ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ၆၃ ပွဲ ပါဝင်ကစားပေးထားပြီး သုံးနှစ်ဆက်တိုက် ဒိန်းမတ်အကောင်းဆုံးကစားသမားဆုကို ရရှိထားသူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly