အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနနား ဗုံးနှစ်လုံးဆင့်ပေါက်ကွဲ၊ ဗိုလ်ချုပ်ကြီးတစ်ဦးအပါအဝင် ၂၄ ဦးသေဆုံး

အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနနား ဗုံးနှစ်လုံးဆင့်ပေါက်ကွဲ၊ ဗိုလ်ချုပ်ကြီးတစ်ဦးအပါအဝင် ၂၄ ဦးသေဆုံး

ကဘူးလ်၊ စက်တင်ဘာ ၆ ။                      ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲ၍ လူပေါင်း ၂၄ ဦးသေဆုံးကာ ၉၁ ဦးဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

ပထမဗုံးကို အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခြင်းဖြစ်ကာ ဒုတိယဗုံးမှာ အသေခံဗုံးဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာက ဖော်ပြသည်။

သေဆုံးသူများတွင် ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အကြီးတန်း ရဲအရာရှိနှစ်ဦးတို့ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသို့ ပြောသည်။

နိုင်ငံအတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည့် တာလီဘန်အဖွဲ့က ယခုဗုံးဖောက်ခွဲမှုများက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနီး ပထမဗုံးပေါက်ကွဲရေး လုံခြုံရေးတပ်ဖွဲ့များ စုရုံးရောက်ရှိရာသို့ အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ မိုဟာမတ်ရက်မန်နက်ရှ်က ပြောသည်။

ယင်းနေ့ ညပိုင်းရောက်ချိန်၌ ကဘူးလ်မြို့အတွင်း သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ပေါက်ကွဲမှုကြီးတစ်ရပ်အား ကြားလိုက်ရသည်။ ထိုပေါက်ကွဲမှုသတင်းကိုမူ လက်တလော မသိရသေးပေ။

ပထမဗုံးပေါက်ကွဲမှုများမှာ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ အလုပ်ဆင်းချိန်လောက်တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်၍ အရပ်သားများ၊ ရဲနှင့် စစ်သားများ အများအပြားသေဆုံးသည်။

“လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်နိုင်စွမ်းမရှိတဲ့ အာဖဂန်နစ္စတန်ရဲ့ ရန်သူတွေက အခုလို တိုက်ခိုက်ကျုးလွန်လာတာဖြစ်တယ်။”ဟု သမ္မတဂါနီက ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly