ဆင်းရဲချမ်းသာ မခွဲခြားဘဲ မူးယစ်တရားခံမှန်သမျှ နှိမ်နင်းသတ်ဖြတ်သွားမည်ဟု ဖိလစ်ပိုင်ရဲချုပ် ပြော

ဆင်းရဲချမ်းသာ မခွဲခြားဘဲ မူးယစ်တရားခံမှန်သမျှ နှိမ်နင်းသတ်ဖြတ်သွားမည်ဟု ဖိလစ်ပိုင်ရဲချုပ် ပြော

စက်တင်ဘာ ၅ ။                   ။ သမ္မတ ရိုဒရီဂို ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်း နိုင်ငံရှိ မူးယစ် တရားခံအားလုံးကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ရဲချုပ်က ပြောကြားလိုက်သည်။ ချမ်းသာသူပဲဖြစ်ဖြစ်၊ သြဇာကြီး နိုင်ငံရေးသမားများပဲဖြစ်ဖြစ် မူးယစ်မှုနှင့် ပတ်သက်ပါက သတ်ဖြတ်ရန် အဆင်သင့်ရှိကြောင်း ရဲချုပ်က သတိပေးလိုက်သည်။

ဖိလစ်ပိုင်တွင် သမ္မတ ဒူတာတေး စတင်တာဝန်ယူပြီး နှစ်လတိုင်လာခဲ့ပြီးနောက် လက်ရှိအချိန်ထိ မူးယစ်နှိမ်နင်းမှုများအတွင်း လူပေါင်း ၂,၄၀၀ သေဆုံးသွားပြီဖြစ်သည်။ ဖိလစ်ပိုင်၏ အဆိုပါ မူးယစ်စစ်ဆင်ရေးအပေါ် ကုလသမဂ္ဂက ပြင်းထန်စွာ ဝေဖန်ထားလျက်ရှိသည်။

မူးယစ်နှိမ်နင်းမှုအတွင်း သံသယရှိ တရားခံ ၁,၀၁၁ ဦးမှာ ၎င်းတို့လက်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲများက ပြောကြားလိုက်ပြီး ကျန်သေဆုံးသူ ၁,၃၉၁ ဦးမှာမူ စုံစမ်းစစ်ဆေးသည့် စာရင်းထဲတွင် ရှိနေသည်။

" သူတို့ ကျွန်တော်တို့ကို ပြန်တိုက်ခိုက်ရင် သူတို့သေမှာပါပဲ၊ သေချာပါတယ်၊ ကျွန်တော်တို့ဘက်က ဘယ်သူ့ကိုမှ ခွဲခြားသွားမှာမဟုတ်ပါဘူး၊ တရားခံမှန်သမျှ ပြစ်ဒဏ်ခံရပါမယ်" ဟု ရဲချုပ်   ရော်နယ်ဒီလာ ိုဆာက ပြောသည်။

" ချမ်းသာသူ၊ ဆင်းရဲသူ၊ ရဲ၊ အရပ်သား၊ နိုင်ငံရေးသမား၊ ဘယ်လိုပုဂ္ဂိုလ်တွေပဲဖြစ်နေပါစေ၊ မူးယစ်မှုနဲ့ပတ်သက်မယ်၊ အသာတကြည် အဖမ်းမခံဘဲ ပြန်တိုက်ခိုက်ဖို့ လုပ်လာမယ်ဆိုရင်  သေဖို့သာ   ပြင်ထားလိုက်လို့ ပြောချင်ပါတယ်" ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly