ဘူးသီးတောင်ဖိုရမ်မှ လူငယ်မူဝါဒများ ထွက်ပေါ်လာရေးအတွက် အခြေခံအချက် ၁၁ ချက်ကို အဓိကထား ဆွေးနွေး

ဘူးသီးတောင်ဖိုရမ်မှ လူငယ်မူဝါဒများ ထွက်ပေါ်လာရေးအတွက် အခြေခံအချက် ၁၁ ချက်ကို အဓိကထား ဆွေးနွေး

ဘူးသီးတောင်၊ စက်တင်ဘာ ၅ရက်။                 ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ် တစ်ခုကို ကျင်းပပြုလုပ်လျက်ရှိရာ ယင်းဖိုရမ်မှ လူငယ်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများဖြစ်သော အခြေခံအချက် ၁၁ ချက်ကို အဓိက ထားဆွေးနွေးကြောင်း လူငယ်မူဝါဒများ ထွက်ပေါ်လာနိုင်ရေးအတွက် ရည်ရွယ် ပြုလုပ်ကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖိုရမ်ကို ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ တိုင်း ရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်များအားလုံး တက်ရောက်ဆွေးနွေးလျက်ရှိကာ ယင်းဖိုရမ်မှ ဆွေးနွေး ထွက် ပေါ်လာသည့် ရလဒ်များကို ပြည်နယ်အဆင့်တွင် ထပ်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ပြီး နိုင်ငံအဆင့် လူငယ်ဖိုရမ် တွင် လူငယ် မူဝါဒများကို ချမှတ်နိုင်ရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဖိုရမ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းနဲ့ပြည်နယ် တွေထဲမှာရှိတဲ့ လူငယ်တွေ စုပေါင်းပြီးတော့ တစ် နိုင်ငံလုံး အတိုင်းအတာ လူငယ်ပေါ်လစီ တစ်ခုကို ရေးဆွဲဖို့ဆိုပြီးတော့ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ လော လောဆယ်ကတော့ မြို့နယ်တွေမှာ လုပ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်နယ် အဆင့်မှာ ဆွေးနွေးမယ်။ နောက်ဆုံးတော့ နိုင်ငံတော်အဆင့်ထိ သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ ပထမဆုံးလုပ်တဲ့ မြို့နယ် ဖြစ်ပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာ မလုပ်သေးပါဘူး။ အခု ဆွေးနွေးနေတာကတော့ လူငယ်တွေနဲ့ ပတ်သက် တဲ့ အချက် ၁၁ ချက်ကို အဓိကထားလို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။”ဟု ကိုမောင်ဝင်းနိုင်က ပြောသည်။

ယင်းဖိုရမ်ကို စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်နေခြင်းဖြစ်ကာ ဆွေးနွေးသည့် အချက်များမှာ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး ကျန်းမာရေး အားကစား၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ လူငယ်နှင့် နိုင်ငံသားပြဿနာ၊ လူငယ်နှင့် အမျိုးဘာသာသာသနာ စာပေယဉ်ကျေးမှု၊ လူငယ် နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့် ဖယ်ဒရယ်ပြည်ထောင်စု၊ လူငယ်နှင့် သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်နှင့် ဌာနေတိုင်းရင်းသားများ အခွင့်အရေး၊ လူငယ်နှင့် တရားဥပဒေစိုးမိုးရေး စသည့် အချက်များ ဖြစ်သည်။

“လောလောဆယ်မှာ ဆုံးဖြတ်ထးတာကတော့ ဒီအချက်တွေကို ဆွေးနွေးလို့ပြီးရင် ဘူးသီးတောင်မြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ လူငယ် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းသွားဖို့ရှိပါတယ်။ အဖွဲ့နာမည်ကိုတော့ မေယုရပ်ဝန်း တိုင်းရင်းသားလူငယ်များ အဖွဲ့ဆိုပြီးတော့ ယာယီ သတ်မှတ်ထားပါတယ်။ အခုချိန်မှာတော့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို ဆွေးနွေးနေတုန်းပါပဲ။ နောက်ဆုံးနေ့မှာ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက် ပြီးတော့ သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်သွားမှာပါ။”ဟု သူက ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါဖိုရမ်သို့ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်လျက်ရှိသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များဖြစ်သည့် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာအစရှိသည့် တိုင်းရင်းသားလူမျိုး ကိုယ်စားပြု ကိုယ်စားလှယ်စုစုပေါင်း ၁၅၀ ဦး ခန့် တက်ရောက်လျက် ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly