သပိတ်ကျင်းမြို့တွင် တရားရေးနှင့် ရဲတပ်ဖွဲ့ကို ဆန္ဒပြ

သပိတ်ကျင်းမြို့တွင် တရားရေးနှင့် ရဲတပ်ဖွဲ့ကို ဆန္ဒပြ

သပိတ်ကျင်း၊ စက်တင်ဘာ ၅ ။              ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းမြို့တွင် စက်တင်ဘာလ ၅ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ် တရားရုံးတို့ကို ဒေသခံနှစ်ဦးက ဆန္ဒဖော်ထုတ်ခဲ့သြသည်။

ဆိပ်ကမ်းစည်ပင်ဈေးမှ စတင်ချီတက်ခဲ့ပြီး မြို့တွင်းကိုပတ်ကာ ရုံးပေါင်းစုံအထိ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

"ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်တွေက ကျွန်တော်တို့ဒေသခံတွေကို ခြိမ်းခြောက်နေသလိုပဲ။ အမှန်တရားကနေသွေဖယ်ပြီး ဒေသခံ တွေကို ပုဒ်မ အမျိုးမျိုးတပ်ဖမ်းတယ်။ တရားမဝင် လုပ်ကိုင်သူတွေကိုတော့ ရဲတပ်ဖွဲ့က ကာကွယ်ပေးနေတယ်။ ဒါတွေ အတွက် အထောက်အထား ကျွန်တော်တို့စီမှာရှိတယ်။ လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေကို အလိုမရှိဘူး။ အဲဒီလိုပဲ တရားသူကြီး ကိုလည်း အလိုမရှိဘူး။ ဒါကြောင့် ဒီနေ့ ဆန္ဒပြတာပဲ"ဟု ဦးဆောင်ဆန္ဒပြသူ ဦးနန္ဒက ပြောသည်။

သပိတ်ကျင်းမြို့နယ်တွင် တရားမဝင်ရွှေတူးဖော်နေသူများကို အရေးယူခြင်းမရှိဘဲ ဒေသခံများ တစ်နိုင်တစ်ပိုင် လုပ်ကိုင် နေသည်ကို ပုဒ်မအမျိုးမျိုးဖြင့် အရေးယူနေခြင်းဖြစ်သောကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

"တရားရေးကလည်းပျက်၊ ရဲတပ်ဖွဲ့ကလည်း ခရိုနီရဲ့ လက်ကိုင် တုတ် ဖြစ်နေတယ်။ အဲဒီလိုကြောင့် ဒေသခံတွေက အတော်ခံနေရတယ်။ ဒါကြောင့် ဒီနေ့ဆန္ဒပြတာပဲ"ဟု ဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးဖြစ်သူ ဦးမောင်ကြီးက ပြောသည်။

ဆန္ဒပြသည့်ရက်မှ ရက် ပေါင်း ၂၀အတွင်း အကျင့်ပျက် တရားရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမပေးပါ က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ထိုင်သပိတ်ပြုလုပ် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ဦးနန္ဒ ကဆို သည်။

ဆန္ဒပြခြင်းနှင့်ပတ်သက်၍ သပိတ်ကျင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုး လွင်က"ဆန္ဒပြတာကတော့ သူတို့အခွင့်အရေးပဲ။ သူတို့က ဌာနစုံကိုပြတာဆိုတော့ အချက်အလက်တွေကတော့ ပြော လို့မရပါဘူး။ တစ်ချို့လည်း စစ်ဆေးမှုတွေ လုပ်ခံနေရပါတယ်။"ဟုပြောသည်။

ဆန္ဒပြနေသူနှစ်ဦးကို ဒေသခံ ၁၀၀ ဦးခန့်က ဝန်းရံခဲ့ကြပြီး အဆိုပါ ဝန်းရံနေသူအများစုမှာလည်း တရားစွဲဆိုခံ နေရသူ များဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly