နာမည်

မြန်မာ့ကော်ဖီက နိုင်ငံတကာကို ခြေဆန့်နေပါပြီ။ အဆင့်အတန်း မြင့်သတဲ့။ တန်းဝင်သတဲ့။ ကမ္ဘာမှာ လူကြိုက်များသတဲ့။ နိုင်ငံခြားက ကော်ဖီကလည်း ဗမာပြည် ရောက်လာခဲ့ပါပြီ။ သူ့ချည်းပဲလားဆိုတော့ မဟုတ်သေးဘူး။ အနံ့ပါ ပါတယ်။ ကော်ဖီဆိုမှ အနံ့ပါပြီပေါ့။ ကော်ဖီအနံ့ ဗမာပြည်သို့ ရောက်ပြီပေါ့။ သူရောက်လာရင် သူ့ကို သေချာမှတ်သားထားမှ ဖြစ်မယ်။ ဓာတ်ပုံ မှတ်တမ်းတွေဘာတွေ သေချာတင်ထားမှ ဖြစ်မယ်။ မှားတတ်လို့လေ။ မှားတတ်တယ်ဆိုလို့ ဗမာပြည်အဖွဲ့အစည်းတစ်ခုကို AP သတင်းဌာနက မှားတယ်လို့ စွပ်စွဲတာကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ (အဲဒီကိစ္စက အင်တာနက် အကောင့်အတုတဲ့။ မမှားဘဲ မှားတယ်လို့ စွပ်စွဲမိတာ မှားတဲ့အတွက် မှားကြောင်း အမှားပြင်ဆင်ချက် ထုတ်ပြီးပါပြီ။ အမယ်လေး မှားတွေများလိုက်တာ။   မောင်မှန်တောင် မောင်မှားဖြစ်ရချည့်။) မောင်မှန်တို့ ဗမာတွေ မျက်စိထဲမှာ အာဖရိကတိုက်သားတွေ အတော်များများဟာ ခပ်ဆင်ဆင် ဖြစ်နေတတ်တယ် မဟုတ်လား။ ခု မမှားသော်လည်း နောင် မှားနိုင်တဲ့အတွက်ပါ။ အာဖရိကနွယ်ဖွား နယ်လဆင်ဗင်ဒဲလား ကွယ်လွန်တုန်းက ရုပ်ရှင်မင်းသား မော်ဂန်ဖရီးမန်းပုံနဲ့ မှားဖော်ပြတာ ရှိခဲ့ဖူးတယ်။ (မောင်မှန်တို့ဆီမှာတော့ မဟုတ်ပါဘူး။) အဲဒီတုန်းက မော်ဂန်ဖရီးမန်းက သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ငါမသေဘူး။ ရေးကူးတတ်တယ်ဆိုပြီး ဒေါသတကြီး တုံ့ပြန်ဖူးပါသတဲ့။ ဒါလေးမှားတာများကွယ်၊ တကယ်ဆို မင်ဒဲလားနဲ့ အမှားခံရတာ ဂုဏ်တောင်မှ ယူရဦးမှာ။ ခက်လိုက်တာ မော်ဂန်အလကားလူကြီးရာ။

မောင်မှန်က ကိုဖီအာနန်ကို ကော်ဖီအနံ့၊ မော်ဂန်ဖရီးမန်းကို မော်ဂန်အလကားလူလို့ ရေးတာ နာမည်ဖျက်သလို ဖြစ်နေရင် ခွင့်လွှတ်ပါ။ ဘာမှ မရည်ရွယ်ပါဘူး။ အပျော်သဘော၊ ရယ်စရာသဘော သက်သက်ပါ။ တကယ်တော့ နာမည်ဆိုတာ အရေးကြီးပါတယ်။ ပညတ်လို့ဆိုသော်ငြား အဲဒီပညတ်အတွက်ပဲ ရင်ဆိုင်တိုက်ပွဲ ဝင်ခဲ့ကြတာတွေ မနည်းပါဘူး။ မောင်မှန်တို့ နိုင်ငံမှာပဲ ကြည့်။ ဗမာ၊ မြန်မာ ပြဿနာ ခုထိရှိတုန်း။ တိုက်ပွဲဝင်နေကြရတုန်း။ ငြင်းခုန်ကြရတုန်း။ တလောလေးကပဲ ဆရာမောင်သာနိုး ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသေးတယ်။ ခေါင်းစဉ်တော့ မေ့နေပြီ။ ဆရာက ဗမာနဲ့ မြန်မာရဲ့ အနက်ရင်းတွေကို ရေးပါတယ်။ ဗမာဆိုတာက သခင်တဲ့။ မြန်မာဆိုတဲ့ မူလလာတဲ့ အဓိပ္ပါယ်က ကျွန်တဲ့။ သခင်ဖြစ်ချင်လား၊ ကျွန်ဖြစ်ချင်လား၊ ကြိုက်တာရွေးတဲ့။ ဆရာမောင်သာနိုး အယူအဆပေါ့နော်။

ဒီထက်မက နက်ရှိုင်းတဲ့ နိုင်ငံရေးအဓိပ္ပါယ်တွေလည်း ဗမာနဲ့ မြန်မာမှာ ရှိနေပါသေးတယ်။ ဒီနေရာမှာတော့ မောင်မှန် အကျယ် မဆွေးနွေးတော့ပါဘူး။(ကိုယ်လည်း သိပ်မှမသိဘဲကိုး။ ဒါပေမဲ့ ဖိန့်ဖိန့်ပေါ့။ ဟန်ကိုယ့်ဖို့ပေါ့) နာမည်ကြောင့် အသက် အသေခံသွားတဲ့ ရုပ်ရှင်ကားလည်း မောင်မှန် ကြည့်ဖူးတယ်။ Summersby တဲ့။ (မြန်မာမှုပြု မှီငြမ်းထားတဲ့ ကားလည်း ရှိတယ်။ နာမည်တစ်လုံးနဲ့ လူတဲ့။ နှစ်ခါပြန်တောင် မှီငြမ်းကြတာ။ ဦးကျော်ဟိန်းနဲ့ တစ်ခါ၊ ကျော်ရဲအောင်နဲ့ တစ်ခါ ထင်တယ်) ဇာတ်လမ်းက ငယ်ကတည်းက ကွဲသွားတဲ့ အမြွှာညီအကိုနှစ်ယောက် အရွယ်ရောက်တော့ တစ်ယောက်က ရွာက ချစ်ခင်လေးစားရတဲ့ ကျောင်းဆရာ ဖြစ်လာပြီး နောက်တစ်ယောက်က နောက်တစ်နေရာမှာ လူဆိုးသွားဖြစ်တယ်။ ရွာက ကြည်ညိုလေးစားတဲ့ ဆရာက ရွာအကျိုးသုံးဖို့အတွက် ထည့်ပေးလိုက်တဲ့ အများပိုင်ငွေတွေနဲ့ မြို့တက်အလာမှာ အမှတ်မထင် လူပေါင်းမှားပြီး လောင်းကစားလုပ်မိရာက အများပိုင်ငွေတွေ ကုန်သွားတယ်။ ပြီးတော့ လောင်းကစားမှုနဲ့ပဲ   ထောင်ကျသွားတယ်။ ထောင်ထဲမှာ အမြွှာလူဆိုးနဲ့ တွေ့တယ်။ လူဆိုးက ကျောင်းဆရာကို သူ့အကြောင်းတွေ ပြောပြပြီး ဆုံးသွားတယ်။ ကျောင်းဆရာ ထောင်ကလွတ်တော့ သူ့ရွာသူမပြန်ဘဲ အမြွှာလူဆိုးရဲ့ ရွာကို ထောင်ကလွတ်လာတဲ့ လူဆိုးအဖြစ်နဲ့ သွားနေလိုက်တယ်။ ငွေအလွဲသုံးစားလုပ်တဲ့ ကျောင်းဆရာဘဝကို အပြီးသတ်လိုက်တယ်။ ကျောင်းဆရာဟာ ဆိုးရာက ကောင်းလာတဲ့လူတစ်ယောက်အဖြစ်နဲ့ အခုသူနေတဲ့ ရွာရဲ့ အကျိုးကို သယ်ပိုးပါတယ်။ တစ်နေ့တော့ အမြွာလူဆိုးရဲက လက်ကျန်လူသတ်မှုတစ်ခုအတွက် ရဲက သူ့ကို လာဖမ်းတယ်။ ဒီအချိန်မှာ သူ့ကို လူဆိုးမဟုတ်၊ ကျောင်းဆရာလို့ ရိပ်မိသူတွေက လူဆိုးမဟုတ်ကြောင်း၊ ကျောင်းဆရာသာဖြစ်ကြောင်း ပြောဖို့ တိုက်တွန်းကြပေမယ့် သူ မပြောတော့ပါဘူး။ သူ မကျူးလွန်တဲ့ လူသတ်မှုနဲ့ပဲ ကြိုးစင်တက်သွားပါတော့တယ်။ ငွေအလွဲသုံးစား ကျောင်းဆရာနာမည်ထက် လူဆိုးလူသတ်သမားရဲ့ နာမည်ကို ခံယူပြီးတော့ဘဲ ဂုဏ်သိက္ခာအတွက် နည်မည်တစ်လုံးအတွက် အသက် အသေခံသွားခဲ့ပါတယ်။ (ဇာတ်လမ်းက မောင်မှန် မှတ်မိသလို ပြန်ရေးပြတာပါ။ အတန်းငယ်လွဲနိုင်ပေမဲ့ ကျောရိုးတော့ မလွဲပါ။)

တစ်ခါက ဘဏ်တစ်ခုမှာ မောင်မှန့်ဆို ပို့လိုက်တဲ့ ငွေလွှဲသွားထုတ်ပါတယ်။ မောင်မှန့်အလှည့်ရောက်တော့ ဘဏ်ဝန်ထမ်းမလေးက မောင်မှန့်အမည်ရင်းကို ရှေ့ကနေ ဦးတွေ၊ အကိုတွေ မတပ်ဘဲ အရင်းအတိုင်း ခေါ်လိုက်ပါတယ်။ (မောင်မှန့်အမည်ရင်းဟာ ကျား၊ မ မကွဲတဲ့ (လိင်မကွဲတဲ့) နာမည်လည်း မဟုတ်ပါဘူး။ ယောကျ်ားအမည်မှန်း သိသာတဲ့ နာမည်ပါ) မောင်မှန်လည်း ကိုယ့်သမီးလောက် ကလေးမလေးဆီက ကိုယ့်နာမည်ကို ဦးမပါ၊ ကိုမပါ တည့်(ဒဲ့)ကြီး ခေါ်နေတာ တစ်သက်နဲ့တစ်ကိုယ် အဲဒီမှာပဲ ကြားဖူးတာပါ။ ငွေလွှဲပို့သူကလည်း မောင်မှန်အမည်ရှေ့မှာ ဦးတပ်ရေးထားတာပါ။ ဘယ်နှယ်ကလေးမက ဂလောက် ယဉ်ကျေးပြနေတယ် မသိပါဘူး။ ထားပါတော့။ နာမည်ကို ရှေ့ကနေ ဦးတွေ ဒေါ်တွေပဲ တပ်တယ်ထားဦး။ နာမည် အပြည့်အစုံခေါ်တာ(ရေးတာ)နဲ့ အပြည့်အစုံမခေါ်တာ (မရေးတာ) အတော်ကွာပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်တာ(ရေးတာ)နဲ့ ဒေါ်စုကြည်လို့ ခေါ်တာ(ရေးတာ) လုံးဝ(လုံးဝ) အဓိပ္ပာယ် ကွာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့ခေါ်တာဟာ   လေးစားစွာ ခေါ်တာဖြစ်ပြီး ဒေါ်စုကြည်လို့ခေါ်တာဟာ စော်ကားမော်ကား လုပ်တာပါ။ (ခုတော့ ဒေါ်စုကြည်လို့ နှစ်ပေါင်းများစွာ ထပ်ခါထပ်ခါ ခေါ်ခဲ့ကြသူတွေကပဲ ဒေါ်အောင်ဆန်းစုကြည်ချင်း မိုးမွှန်နေပြန်ပါပြီး မြှောက်စား ချီးမြှင့်နေပြန်ပါပြီ။ ဒီအန္တရယ်ဟာ မသေးလှဘူးလို့ မောင်မှန် မြင်ပါတယ်။)

ခု လတ်တလော နာမည်တွေကို အရင်းအတိုင်း တွေ့လိုက်ရတာတော့ ပြည်ထာင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစု ပင်လုံ)ရဲ့ စားပွဲတွေပေါ်က နည်မည်ကတ်ပြားတွေ ပေါ်မှာပါ။ ဂွန်မော်တဲ့၊ စိုင်းထူးတဲ့၊ (တကယ်က ဂွမ်မော်ပါ) အဲဒီပုဂ္ဂိုလ်တွေဟာ သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ရာထူးတာဝန်တွေ ရှိပါတယ်။ အဲဒီရာထူးတာဝန်တွေကို အမည်ရှေ့က တပ်မပေးနိုင်ဘူးပဲထား ဦးလောက်တော့ တပ်ထားဖို့ မကောင်းဘူးလားခင်ဗျာ။ ဒါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလေ။ ဒီနာမည်ကိစ္စဟာ အသေးအဖွဲမဟုတ်ပါဘူး။ တန်းတူရေးဆိုတဲ့ ကိစ္စမှာ နာမည်အခေါ်အပြောဟာ အရေးကြီးလှပါတယ်။ နယ်ချဲ့ခေတ်ကဆို တရားရုံးရှေ့ရောက် တရားခံတွေကို အမည်ရှေ့က င တပ်ပြီး ငဖြူ၊ ငနီ အဲလို ခေါ်သတဲ့။ (အဲဒီ တရားခံတွေထဲမှာ မျိုးချစ်တော်လှန်ရေးသမားတွေလည်း အများကြီး ပါတာပေါ့) ဒါ နှိမ့်ချခေါ်တာပါ။ ဒီကနေ့ခေတ်ကြီးမှာ ငဂွန်မော်၊ ငစိုင်းထူး မလုပ်တာပဲ ကျေးဇူးတင်ကြရမှာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly