မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများအပေါ် ကုလလုံခြံုရေးကောင်စီ အရေးယူမှုများ ထပ်မံပြုလုပ်မည်

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများအပေါ် ကုလလုံခြံုရေးကောင်စီ အရေးယူမှုများ ထပ်မံပြုလုပ်မည်

ကုသမဂ္ဂ၊ သြဂုတ် ၂၇ ။               ။ မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး ထိရောက်သောအရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

အမေရိကန်က အဆိုပြုကာ မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သည့် တရုတ်အစိုးရကလည်း ထောက်ခံခဲ့သည့် အဆိုပါပြစ်တင်ရှုတ်ချမှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးကောင်စီအနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်သွားပြီး သိသာထင်ရှားသည့် အရေးယူမှုများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအနေဖြင့် ၂၀၀၆ ခုနှစ်မှစတင်ခဲ့သည့် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ပြီးချိန်မှစ၍ ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှု ငါးခုအား ချမှတ်ပြီးဖြစ်ရာ အပြင်းထန်ဖြစ်သည့် အရေးယူမှုတစ်ခုကို မတ်လအတွင်းက ချမှတ်ခဲ့ရာတွင် တွင်းထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရောင်းချမှုနှင့် ဘဏ်လုပ်ငန်းများတွင် ကန့်သတ်မှုများ ပါဝင်ခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ရေငုပ်သင်္ဘောမှ ဒုံးကျည်တစ်စင်းကို ဂျပန်ရေပိုင်နက်ဘက်သို့ ပစ်လွှတ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီက တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ထပ်မံအရေးယူမည့် စုပေါင်းကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုပစ်လွှတ်လိုက်သည့် ဒုံးကျည်သည် ဂျပန်လေကြောင်းကာကွယ်ရေးဇုံအတွင်းသို့ ကျဆင်းခဲ့သော ကြောင့် ဂျပန်၏လုံခြုံရေးကို ထိခိုက်စေသည့်ပရမ်းပတာလုပ်ရပ်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။

ဂျပန်ရေပိုင်နက်အတွင်းသို့ ဇူလိုင် ၉ ၊ ၁၈ နှင့် သြဂုတ် ၂ ရက်တို့တွင်လည်း ဒုံးကျည်များ ကျရောက်ခဲ့ခြင်းသည်လည်း  ကုလသမဂ္ဂ၏တားမြစ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးချခြင်းမပြုရန် ကုလသမဂ္ဂက တားမြစ်ထားသော်လည်း ဇန်နဝါရီလအတွင်း လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများကို အကြိမ်များစွာ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags