လာအိုတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

လာအိုတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

စက်တင်ဘာ ၄ ။              ။ လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ   ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးများကို စက်တင်ဘာ ၆ ရက်မှ ၈ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်ဇူလိုင်လကလည်း လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းတွင် ပြုလုပ်သည့် ၄၉ ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးတွင်လည်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သေးသည်။

လာမည့်နှစ်တွင် အာဆီယံ ထူထောင်မှု ရွှေရတု ပြည့်မြောက်သည့်နှစ်လည်း ကျရောက်လာတော့မည်ဖြစ်ရာ အာဆီယံအသိုက်အဝန်းတစ်ခု ထူထောင်ရေးအတွက်   နှစ်ဆအားထုတ်ကြိုးပမ်းရကြမည်ဖြစ်ကြောင်း မြန်မာအစိုးရက ပြောဆိုထားသည်။

အလားတူ ၂၀၁၆ အာဆီယံဥက္ကဌတာဝန်ကို လာအိုက လက်ခံရယူထားသည့်အပေါ် ထောက်ခံအားပေးကြောင်းလည်း မြန်မာအစိုးရက ပြောကြားထားသည်။

ပြီးခဲ့သည့် မေလအတွင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် လာအိုနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly