အကျည်းတန် သမိုင်းရှိတဲ့မြို့ (သို့မဟုတ်) သံဖြူဇရပ်မြို့

03 September 2016
အကျည်းတန် သမိုင်းရှိတဲ့မြို့ (သို့မဟုတ်) သံဖြူဇရပ်မြို့

“သံဖြူဇရပ်ဆိုတဲ့ နာမည် စတင်ပြီး ပေါ်ပေါက်ခဲ့တာက ဟိုတုန်းက သံဖြူဇရပ်က အိမ်ခြေ သုံးလေးလုံးပဲ ရှိသေးတယ်။ အဲဒီချိန်မှာ လမ်းဆုံလမ်းခွက ဇရပ်ကြီးကို သွပ်မိုးလိုက်တော့ မွန်လိုကျတော့ သွပ်ဖြူ ဇရပ်ဖြူပေါ့။ အဲဒီ ဇရပ်ဖြူကနေပြီးတော့မှ သံဖြူဇရပ်ဆိုတာ ဖြစ်လာတာပေါ့”

ဒါကတော့ သံဖြူဇရပ်မြို့ရဲ့ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးအောင်ရွှေက ပြောပြတာပါ။  

သမိုင်းဝင်အဖြစ်အပျက်တွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့လေးဟာ မော်လမြိုင်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိပြီး မော်လမြိုင်-ကျိုက္ခမီ ကားလမ်း၊ မော်လမြိုင်- ရေး ကားလမ်းတို့ ဆုံရာမြို့လေး ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကျိက္ခမီမြို့နယ်မှာရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ စတင် ထင်ရှားလာပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ မြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။

 မြို့ရဲ့ တောင်ဘက်မှာ ဂျပန်ခေတ်က ဆောက်လုပ်ခဲ့တဲ့ ယိုးဒယား-မြန်မာနယ်စပ် မီးရထားလမ်းဟောင်း ရှိပါတယ်။ သံဖြူဇရပ်မြို့ရဲ့ အကျယ်အဝန်းကတော့ ၁၃၉ စတုရန်းမိုင်ရှိပြီး မြို့နယ်တစ်ခုလုံးရဲ့ လူဦးရေကတော့ ၁၇၀၀၀၀ ကျော် နေထိုင်ကြပါတယ်။ မွန်၊ ဗမာ၊ ကရင်နဲ့ ပအို့ဝ်တို့နေထိုင်ကြပြီး မွန်လူမျိုးက အများစုဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဝန်ရိုးတန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်တွေဟာ အာရှတိုက် စိုးမိုးရေးအတွက် အထောက်အကူပြုနိုင်မယ့် ယိုးဒယား-မြန်မာ နယ်စပ်ကို ဖြတ်ကျော်နိုင်တဲ့ မိုင်ပေါင်း ၁၈၀ ကျော် မီးရထားလမ်းကို ဆောက်လုပ်ခဲ့ရာမှာတော့ သံဖြူဇရပ်က အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီရထားလမ်းကြီးကိုလည်း အသက်ပေါင်းများစွာရင်းပြီး တည်ဆောက်ခဲ့ရတဲ့အတွက် သေမင်းတမံ ရထားလမ်းကြီးလို့လည်း ခေါ်ကြပါတယ်။ ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ဂျပန် တပ်မတော်က ယိုးဒယား-မြန်မာ မီးရထားလမ်းကြီးကို ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမီးရထား ဖောက်လုပ်ရာမှာ မြန်မာတိုင်းရင်းသား ၈၀၀၀၀ ကျော် မဟာမိတ်တပ်သား ၃၀၀၀၀ ကျော်တို့ အသက် ဆုံးရှုံးခဲ့ရပါတယ်။ ရထားလမ်းဖောက်လုပ်မှု ပြီးစီးတဲ့ အထိမ်းအမှတ်ပွဲကိုတော့ ၁၉၄၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ သေမင်းတမံ ရထားလမ်းကတော့ သံဖြူဇရပ်မြို့ကနေ ဘုရားသုံးဆူ တောင်ကြားကိုဖြတ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ကောက်- စင်ကာပူ မီးရထားလမ်း ဆက်သွယ်ရန်အတွက်ပဲ ဖြစ်ပါတယ်။ ဒီမီးရထားလမ်းမှာ အသုံးပြုတဲ့ သံလမ်းတွေကိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မီးရထား သံလမ်းတွေကို ဖြုတ်ယူ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ သံလမ်း မိုင် ၁၅၀ ကိုတော့ ရန်ကုန်နှင့် တောင်ငူလမ်းကြား ဒွေးလမ်းကဖြတ်ပြီး ကျန်တဲ့ မိုင် ၁၅၀ ကိုတော့ တံတားဦးနဲ့ မြင်းခြံမြို့နယ်ကနေ ဖြုတ်ယူ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။

ယိုးဒယား-မြန်မာ မီးရထားလမ်းရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ တိုက်ခိုက်နေတဲ့ စစ်ပွဲကြီးအတွင်း ဂျပန်တို့ အောင်နိုင်ရေးအတွက် အထူးအရေးကြီးသော လက်နက် ခဲယမ်းများ အမြန်ဆုံး သယ်ယူပို့ဆောင်နိုင်ရေး မြန်မာ့ ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင် ဝယ်ယူနိုင်ရေးကို ရည်ရွယ်ပြီး ဖေါက်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မီးရထားလမ်းဖောက်လုပ်ရာမှာတော့ မြန်မာတိုင်းရင်းသားများနဲ့ စစ်သုံ့ပန်းများဖြစ်ကြတဲ့ ဗြိတိသျှ သြစတေးလျ၊ ဒတ်နှင့် အာရှမှ မဟာမိတ်နိုင်ငံတပ်သားများပဲ ဖြစ်ပါတယ်။

လူပေါင်းမြောက်များစွာရဲ့အသက်ကို ရင်းနီးပြီးမှ ဖေါက်လုပ်ခဲ့ရတာဖြစ်တဲ့အပြင် အတင်းအဓမ္မစစ်ဝါဒနဲ့ ဒီရထားလမ်းကြီးကို ခင်းခဲ့တာဖြစ်လို့ သေမင်းတမံရထားလမ်းကြီးရယ်လို့ အမည်တွင်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း နောက်ပိုင်းမှာ “သေမင်းတမံ ရထားလမ်းပြတိုက်”ကို တည်ထောင်ထားရှိခဲ့ပါတယ်။

သေမင်းတမံရထားလမ်းကြီး အစဦးဆုံး စလုပ်တဲ့ ဇီးရိုးမီတာ အကန့်ကနေပြီးတော့ ရထားလမ်းကြီးကို ဒီကနေ စတင်ပြီးတော့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ သေမင်းတမံရထားလမ်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ မှတ်တမ်းတွေ အကုန်လုံးကို ပြည့်ပြည့်စုံစုံ ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။ အထဲမှာလည်း တာဝန်ခံတစ်ယောက်က စောင့်ပေးနေပါတယ်။

ပြတိုက်က တာဝန်ခံဖြစ်သူနဲ့ စကားပြောဆိုခဲ့ပါသေးတယ်။

အကိုက ဒီမှာ ဘာတာဝန်ယူထားပါသလဲ

“လောလောဆယ်ကတော့ ဒီမှာ စည်ပင်သာယာရေးကော်မတီပေါ့။ ဒီ သေမင်းတမံပြတိုက်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ စည်ပင်သာယာရေးကော်မတီပေါ့။ ကျွန်တော်ကတော့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်”

ဒါဆိုရင် စည်ပင်သာယာရေးကော်မတီနဲ့ ဒီ တက်လမွန်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီပြတိုက်ကြီးကို တည်ဆောက်ခဲ့တယ်။ ပြီးတော့ ဒီထဲမှာရှိတဲ့ မှတ်တမ်းမှတ်ရာ အကုန်လုံးကိုလည်း ပြည့်စုံအောင် ဖြည့်ဆည်းခဲ့တာပေါ့နော်။

“ဟုတ်ကဲ့ပါ။ ဒီပြတိုက်ကို စပြီး တည်ဆောက်တုန်းက သေမင်းတမံတစ်လျှောက်လုံးရဲ့ အနေအထားကို အတိုချုံပြီး ဖော်ပြထားပါတယ်။ ဒီအပေါ်ထပ်မှာတော့ နှစ်လိုင်း ခွဲထားပါတယ်။ နှစ်လိုင်းစလုံးကတော့ ဓာတ်ပုံပဲ ပြထားတာပါ။ တစ်ခြမ်းကတော့ သူတို့ခေတ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပဲ ပြထားတာပါ။ အခုပြထားတဲ့ ရထမ်းစက်းခေါင်းပုံဆိုရင် သေမင်းတမံရထားလမ်းမှာ ပထမဆုံးပြေးခဲ့တဲ့ ရထားစက်ခေါင်းပဲ ဖြစ်ပါတယ်။ 

 ရထားလမ်း ဖောက်လုပ်ရေးအတွက် အလုပ်သမား စုဆောင်း စောင့်ရှောက်ရေးအဖွဲ့မှာ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အတွင်းဝန် ဦးဘစောက ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် မက်လ ၉ ရက်နေ့မှာတော့ ဂျပန် စစ်အုပ်ချုပ်ရေးဌာနရဲ့ သဘောတူညီချက်နဲ့ ယိုးဒယားမြန်မာ မီးရထား ဖောက်လုပ်ရေးအတွက် လိုအပ်မယ့် မြန်မာအလုပ်သမား ၃၀၀၀၀ ကျော်ကို စတင် စုဆောင်းခဲ့ပါတယ်။ မီးရထား အလုပ်သမားတပ်ကြီးကို ချွေးတပ်လို့ ခေါ်ခဲ့ကြပါတယ်။ မိုးတွင်းကာလ မီးရထားလမ်း ဖောက်လုပ်ရာမှာတော့ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါတွေ ဖြစ်ပွားခဲ့ပြီး ဆေးဝါးနဲ့ ရိက္ခာ မလုံလောက်မှုတွေကြောင့် ချွေးတပ်သား အများအပြား သေဆုံးခဲ့ရပါတယ်။

ဒီလမ်းကြီးတစ်လျှောက်လုံးကို ခေတ်မှီ ယန္တရားတွေမပါပဲနဲ့ တကယ့်ကို ပေါက်တူး ပေါက်ပြားတွေနဲ့ လုပ်သားတွေရဲ့ ေသွေးတွေချွေးတွေနဲ့ ဖောက်လုပ်ခဲ့တဲ့ လမ်းပဲ ဖြစ်ပါတယ်။

ဆက်လက် ဖော်ပြပါမည်။

Mizzima Weekly