မြန်မာနိုင်ငံကို ဇီကာ ဗိုင်းရပ် မရောက်သေးဘူးလား

မြန်မာနိုင်ငံကို ဇီကာ ဗိုင်းရပ် မရောက်သေးဘူးလား

အဒီးစ်ခြင်တစ်မျိုးမှတစ်ဆင့် ကူးစက်နိုင်ပြီး ဦးနှောက်ပုံသဏ္ဍာန်မမှန်တဲ့ ကလေးငယ်တွေ မွေးဖွားခြင်း၊ ဦးခေါင်းသေးငယ်ခြင်း စတာတွေ ဖြစ်စေတဲ့ ဇီကာ ဗိုင်းရပ်ဟာ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ တွေ့ရှိတာကြောင့် ကာကွယ်ဖို့ ဆိုင်ရာအစိုးရတွေက ကြိုးစား နေကြပြီဖြစ်ပါတယ်။ ဒေသတွင်း အဖွံ့ဖြိုးဆုံးနဲ့ အသန့်ရှင်းဆုံးလို့ နာမည်ရတဲ့ စင်္ကာပူလို ခြင်ပေါက်ဖွားမှုနည်း နည်းပါးတဲ့ နိုင်ငံမှာတောင် ဇီကာ ဗိုင်းရပ်တွေ့ရှိသူ ၂၀၀ ကျော်ရှိလာလို့ အန္တရယ်ကာကွယ်နိုင်ဖို့ ခြင်နိုင်ဆေးတွေ နိုင်ငံတွင်း ဖြန်းနေကြပါပြီ။

သြဂုတ်လ နောက်ဆုံးပတ်မှာ ဇီကာ ဗိုင်းရပ် ကူးစက်ခံထားရသူတွေကို စင်္ကာပူမှာ စတင်တွေ့ရှိခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ကူးစက်ခံရသူအရေအတွက် အတော်မြင့်မားလာတာကို   တွေ့ရတာဖြစ်ပါတယ်။ စင်္ကာပူအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဇီကာ ဗိုင်းရပ် ကူးစက်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက တစ်ယောက်လည်း ပါဝင်တယ်လို့ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကတော့ ဒီရောဂါ ကာကွယ်နိုင်ဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ မရှိမရှိ လိုအပ်နေပြီဖြစ်ကြောင်း သောကြာနေ့က ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ စက်တင်ဘာ ၁ ရက်က စပြီး ခြင်ပေါက်ဖွားလေ့ရှိတဲ့ နေရာတွေမှာ ခြင်နိုင်ဆေးတွေ ဖြန်းနေပါပြီ။

မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး ထိုင်းနိုင်ငံမှာတော့ ဒီဗိုင်းရပ်ကို ၂၀၁၂ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ပထမ ခြောက်လအတွင်း ထိုင်းနိုင်ငံမှာ ဒီဗိုင်းရပ် ကူးစက်ခံရသူ ၉၇ ဦး ရှိနေပြီလို့ ဆင်ဟွာ သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။ ကမ္ဘာ့အဖွံ့ဖြိုးဆုံးလို့ဆိုနိုင်တဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ကမ်းခြေတစ်ခုက ခြင်တွေမှာ ဇီကာ ဗိုင်းရပ်တွေ့ရှိတာကြောင့် ကာကွယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ ဇီကာ ဗိုင်းရပ် တွေ့သူ မရှိသေးဘူးလို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့တဲ့ ကျန်းမာရေး အရာရှိတွေကဆိုပါတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း ဖွံ့ဖြိုးပြီး သန့်ရှင်းကာ ခြင်ပေါက်ဖွားနှုန်း နည်းပါးတဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာပင် ကူးစက်ခံရသူအရေအတွက် ၂၀၀ ကျော် ရှိလာပြီလို့ ဆိုတဲ့အတွက် မြန်မာနိုင်ငံမှာလည်း တိကျတဲ့ သုတေသနတွေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ တင်ကြို လုပ်ဆောင်သင့်ကြပါပြီ။

သုတေသန လုပ်ငန်းတွေကို ဗဟိုအစိုးရက ကျန်းမာရေးဌာနက ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သင့်သလို လွှတ်တော်အမတ်များအနေနဲ့လည်း ကိုယ့်မြို့နယ်အတွင်း ခြင်နိုင်ဆေးတွေ ဖြန်းပေးခြင်းဖြင့် အခြေခံအဆင့်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီဗိုင်းရပ်ဟာ ကလေးတွေကို အဓိက သက်ရောက်တာမို့ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်လုပ်ဆောင်ခြင်းဖြင့် အနာဂတ်အတွက် ကြိုတင် စီမံရာလည်း ရောက်ပါတယ်။ ဒီဗိုင်းရပ်ရဲ့ လက္ခဏာတွေကို လူထုသိအောင် ကျယ်ကျယ်ပြန့်ပြန့် သတင်းအချက်အလက် ဖြန့်ဝေသင့်ပါတယ်။

ဒီရောဂါရဲ့ လက္ခဏာတွေအဖြစ်  ခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာမှာ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး အများဆုံးတွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေဟာ ရုတ်တရက်ဖျားနာခြင်း၊ အရေပြားမှာ အနီရောင်အကွက်/အစက်များထွက်ခြင်း၊ မျက်သားနီပြီး ရောင်ရမ်းခြင်း၊ ကြွက်သားနဲ့ အဆစ် အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ရောဂါ လက္ခဏာတွေ   ဖြစ်ပြီး အနည်းဆုံး(၂)ရက်ကနေ အများဆုံး(၇)ရက်အထိ ခံစားရတတ်တယ်လို့ ကျန်းမာရေး အရာရှိတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ရာဂါနောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဦးခေါင်းသေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားလာခြင်း (Microcephaly) နဲ့ အခြားဦးနှောက် အာရုံကြော ချို့ယွင်းမှုတွေ   ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် မဇ္ဈိမ ပရိသတ်များလည်း ကြိုတင်သိရှိ ကာကွယ်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ အချုပ်ဆိုရရင် ဒီဗိုင်းရပ်နဲ့ ပတ်သက်ပြီး တိကျတဲ့ သုတေသနတွေလုပ်ဖို့ လိုအပ်ပြီး ကြိုတင် ကာကွယ်တဲ့နေရာမှာ ဒေသဆိုင်ရာ လွှတ်တော်အမတ်များလည်း ပူးပေါင်းပါဝင်ကြဖို့ မဇ္ဈိမက အလေးအနက်ထား တိုက်တွန်းပါတယ်။

Mizzima Weekly