မုုိးဆက်တုုိက် ရွာသွန်းမှုကြောင့် ဖားကန့်မှာ ရေကြီးနေ

မုုိးဆက်တုုိက် ရွာသွန်းမှုကြောင့် ဖားကန့်မှာ ရေကြီးနေ

ချင်းမိုင်၊ စက်တင်ဘာ ၂  ။          ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာတွန်းနေသဖြင့် စက်တင်ဘာလ ၂ ရက်ထိ ဖားကန့်မြို့ပေါ် ရှိ ရပ်ကွက်တစ်ချို့ ရေ နစ်မြုပ်နေကြောင်း သိရသည်။

ဖားကန့်မြို့ ငှက်ပျော်တော၊ မရှီကထောင်ရပ်ကွက်၊ ဖားကန့် ပါလဂျောင်တို့တွင် ရေကြီးနေပြီး ဖားကန့် ကြိုးတံတား သည်လည်း စက်တင်ဘာ ၂ရက်နေ့ နံနက်ပိုင်းတွင် နစ်မြုပ်နေပြီ ဖြစ်ကြောင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဌ ဦးရွှေသိမ်းက ပြောသည်။

“ဒီနေ့လည်း ရေကြီးနေတုန်းဘဲ။ မိုးက ဆက်တိုက်ရွာတော့ ကြိုးတံတား ရေနစ်နေတာပေါ့နော်။ နှစ်ရက်လောက်ရှိပြီ။ မရှီကထောင် အနိမ့်ပိုင်းဆိုရင် ၁၀ ပေ လောက်တက်နေတယ်”ဟု ပြောသည်။

ဖားကန့်မြို့တွင် မိုးဆက်လက် ရွာသွန်းနေဆဲ ဖြစ်သလို၊ ဥရုချောင်း မြောက်ဖျားဘက်တွင်လည်း မိုးရွာသွန်းမှု များပြား နေသဖြင့် ရက်ကြာ ရေကြီးနေပါက စိုးရိမ်ရသည့် အခြေအနေတွင် ရှိနိုင်သည်ဟု ဆိုသည်။

ဖားကန့်မြို့ ငှက်ပျောတောရက်ကွက်ရှိ နေအိမ် အောက်ထပ်များတွင် ရေ မြုပ်သွားသဖြင့် ဆွေးမျိုးများ၏ နေအိမ်များသို့ပြောင်းရွှေ့နေထိုင်နေရပြီး အချို့မှာ အပေါ်ထပ်တွင် နေထိုင်နေဆဲ ဖြစ်သည်ဟု ဖားကန့်မြို့ခံ ဦးလမောင်လတောင်က ပြောသည်။

“ရေက သုံးရက်လောက်ရှိပြီ ရေကြီးနေတာ။ ဖားကန့် အပေါ်လမ်း၊ အောက်လမ်းရှိတာ အောက်လမ်းက ငှက်ပျောတော ရဲ့ အောက်ပိုင်း ရေလွှမ်းသွားပြီ။ ကြိုးတံတားတော့ မမြုပ်သေးဘူး ဒါပေမဲ့ တံတားအောက်ခြေထိ ရောက် နေပြီ။ မြုပ်တဲ့ အိမ်လည်းရှိတယ်။ မမြုပ်သေးတဲ့ လူတွေက အပေါ်ထပ်မှာဘဲ ဒီအတိုင်း နေနေကြတယ်”ဟု သူက ပြောသည်။

ဖားကန့်မြို့ပေါ်တွင် စက်ယန္တားများနှင့် ကျောက်စိမ်း တူးဖော်ကာ မြေစာများ စနစ်တကျ မစွန့်ပစ်သဖြင့် ဥရုချောင်း တိမ်ကောလာသဖြင့် နှစ်စဉ် နှစ်တိုင်း ရေကြီးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly