အိန္ဒိယတွင် ၂၀၁၅ ခုနှစ်က လူကုန်ကူးမှု ၂၅ ရာခိုင်နှုန်းမြင့်တက်

အိန္ဒိယတွင် ၂၀၁၅ ခုနှစ်က လူကုန်ကူးမှု ၂၅ ရာခိုင်နှုန်းမြင့်တက်

နယူးဒေလီ၊ စက်တင်ဘာ ၂ ။      ။ အိန္ဒိယတွင် ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုသည် ၂၀၁၄ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ကလေးသူငယ်များ   ရောင်းဝယ်ခံရမှုနှင့်   ခေတ်သစ်လူကုန်ကူး ခံရခြင်းကဲ့သို့ ခေါင်းပုံဖြတ်ခံရမှု ၄၀ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း အစိုးရ၏ တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

နိုင်ငံတော်မှုခင်းမှတ်တမ်းဌာန၏အချက်အလက်များတွင် ၂၀၁၄ ခုနှစ်က လူကုန်ကူးမှုနှင့် ဆက်စပ်သည့် ရာဇဝတ်မှုပေါင်း ၆၈၇၇ မှုရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းက ၅၄၆၆ မှုသာရှိခဲ့သည်။ လူကုန်ကူးမှု   ဖြစ်ပွားခြင်းအများဆုံးမှာ နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်နှင့် အရှေ့ဘက်ရှိ ဝက်စ်ဘန်ဂေါ ပြည်နယ်တို့ဖြစ်သည်။

လူကုန်ကူးခံရသူ ၉၁၂၇ ဦးအနက် ၄၃ ရာခိုင်နှုန်းသည် အသက် ၁၈ အောက် ကလေးငယ်များဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင် မိန်းကလေးငယ်များအား လိင်ကိစ္စအတွက် ဖြားယောင်းသွေး ဆောင်ခြင်း၊ ပြည့်တန်ဆာလုပ်ငန်းအတွက် အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ကျွန်အဖြစ် ထိန်းသိမ်းထား   ခြင်းတို့ ပါဝင်သည်။

အဆိုပါ မှုခင်းများအား နှိမ်နှင်းရေးတွင် ပြည်သူလူထုအနေဖြင့် အသိဉာဏ်ဗဟုသုတရရှိရေး၊ ရဲတပ်ဖွဲ့များအား သင်တန်းများ ပိုမိုပေးခြင်းဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေများကို ထိရောက်စွာ အကောင်အထည် ဖော်ရေးတို့ လုပ်ဆောင်ရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းထားသည်။

ဆင်းရဲနွမ်းပါးသည့် ကျေးလက်ဒေသများတွင် စာရင်းမကောက်ယူနိုင်သည့် လူကုန်ကူးမှုများ ရှိနေသောကြောင့် နိုင်ငံအတွင်း အမှန်တကယ် ဖြစ်ပွားသည့် လူကုန်မှုအရေအတွက်သည် တရားဝင် စာရင်းထက် ပိုမိုများပြားနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။

တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုပြဿနာအလျှင်အမြန် ကြီးထွားနေသည့် ဒေသများအနက်တစ်ခုအပါအဝင်ဖြစ်နေသည်။ လူကုန်ကူးဂိုဏ်းများအနေဖြင့် လူထောင်ပေါင်းများစွာကို အလုပ်သမားများအဖြစ် ခေါင်းပုံဖြတ် လုပ်ငန်းရှင်းများသို့ ငှားရမ်း ရောင်းချနေပြီး အမျိုးသမီးများနှင့်မိန်းကလေးငယ်များကို ပြည့်တန်ဆာအိမ်များသို့ ရောင်းချကြသည်။ ကမ္ဘာပေါ်တွင် ကျွန်ပြုခိုင်းစေခံနေရသူ ၄၅ ဒသမ ၈သန်းရှိသည့်အနက် ၄၀ ရာခိုင်နှုန်းမှာ အိန္ဒိယတွင် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံအခြေစိုက် Walk Free Foundation အဖွဲ့မှ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်   ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags