ဖီအိုရင်တီးနားနောက်ခံလူ မားကို့စ်အလွန်ဆိုကို ချယ်လ်ဆီးခေါ်ယူ

ဖီအိုရင်တီးနားနောက်ခံလူ မားကို့စ်အလွန်ဆိုကို ချယ်လ်ဆီးခေါ်ယူ

စက်တင်ဘာ ၁၊ လန်ဒန် ။          ။ ချယ်လ်ဆီးအသင်းသည် အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင် ဖီအိုရင်တီးနားနောက်ခံလူ မားကို့စ်အလွန်ဆိုကို ပြောင်းရွှေ့ကြေးပေါင် ၂၃ သန်းဖြင့်   ခေါ်ယူလိုက်သည်။

နည်းပြကွန်တီသည် မားကို့စ်အလွန်ဆိုကို နှစ်သက်သူဖြစ်ပြီး ခေါ်ယူရန် ကာလကြာရှည်ကြိုးစားနေခဲ့ပြီး နောက်ဆုံးအချိန်တွင် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းမှ ဘယ်နောက်ခံ ကစားသမားများဖြစ်သော ဘာဘာရာဟမ်နှင့် ကန်နီဒီတို့မှာ ရှော်လ်ကေးနှင့် ဝက်ဖို့ဒ်အသင်းများသို့ အငှားသွားရောက်ကစားကြသည့်အတွက် မားကို့စ်အလွန်ဆိုကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ခံစစ်ပိုင်းတောင့်တင်းစေရန်အတွက် ကစားသမားဟောင်း ဒေးဗစ်လူးဝစ္စကိုလည်း ပီအက်စ်ဂျီအသင်းထံမှ ပြန်လည်ခေါ်ယူခဲ့သည်။

ဘော်လ်တန်နှင့်ဆန်းဒါးလန်းအသင်းတို့တွင် ကစားခဲ့ဖူးသည့် အလွန်ဆိုက ချယ်လ်ဆီးသို့ ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်ကြောင်း ပြောသည်။ ‘ တကယ်ပျော်ပါတယ်။ ကစားသမားဘဝနောက်တစ်ဆင့်တက်လှမ်းနိုင်တာပါပဲ။ ချယ်လ်ဆီးမှာ ပိုကောင်းတဲ့ကစားသမားဖြစ်လာမယ်လို့ ထင်ပါတယ်။

ကျွန်တော့်အတွက် ဆုဖလားတစ်ချို့ရရှိရတော့မယ့် အချိန်ရောက်ပါပြီ။ ကျွန်တော့်ကို ချယ်လ်ဆီးက စိတ်ဝင်စားနေတယ်ဆိုတာ သိရတော့ ဆုံးဖြတ်ရတာ လွယ်ပါတယ်’ ဟု အလွန်ဆိုက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly