ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဆလီမာနီကို လက်စတာခေါ်ယူ

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဆလီမာနီကို လက်စတာခေါ်ယူ

စက်တင်ဘာ ၁၊ အင်္ဂလန် ။            ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ အယ်လ်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူး ဆလီမာနီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၉.၇ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

လက်စတာအသင်းက ပထမတစ်ကြိမ် ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့သည်ကို စပို့တင်းလစ္စဘွန်းအသင်းက ငြင်းပယ်ခဲ့သည့်အတွက် အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင်   ပြောင်းရွှေ့ကြေးတိုးမြှင့်ပေးကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဆလီမာနီသည် ပြီးခဲ့သည့်ရာသီက စပို့တင်းအသင်းအတွက် ၂၇ ဂိုးအထိသွင်းယူပေးခဲ့ပြီး ပေါ်တူဂီလိဂ်တွင် ဒုတိယနေရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။

‘လက်စတာလိုအသင်းကို ပြောင်းရွှေ့ခွင့်ရတာ ကြီးမားတဲ့ ဂုဏ်ပြုခံရမှုပါပဲ။ ပွဲထွက်ကစားဖို့မစောင့်နိုင်တော့ပါဘူး။ ပရီးမီးယားလိဂ်မှာ အမြဲပဲ ကစားချင်ခဲ့တာပါ။ ရိုးရိုးသားသားဝန်ခံရရင် ပြီးခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းရဲ့ ကမ်းလှမ်းမှုကို မငြင်းပယ်နိုင်ခဲ့ပါဘူး။

ကျွန်တော့်ရဲ့နိုင်ငံအသင်းဖော် မာရက်ဇ်ကလည်း လက်စတာအသင်းနဲ့ ပရိသတ်တွေရဲ့အကြောင်းကို ပြောပြပါတယ်။ လက်စတာပရိသတ်တွေနဲ့အသင်းဖော်တွေအတွက် တတ်နိုင်သလောက် အစွမ်းကုန်ကစားသွားမှာပါ။ ကျွန်တော်တို့ ထူးခြားတဲ့အောင်မြင်မှုတွေ အတူပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်’ ဟု ဆလီမာနီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly