နာဆရီနှင့် မန်ဂါလာတို့ကို လာလီဂါကလပ်များ အငှားဖြင့်ခေါ်ယူ

နာဆရီနှင့် မန်ဂါလာတို့ကို လာလီဂါကလပ်များ အငှားဖြင့်ခေါ်ယူ

စက်တင်ဘာ ၁၊ စပိန်။               ။ မန်ချက်စတာစီးတီးကွင်းလယ်ကစားသမား နာဆရီသည် လာလီဂါကလပ် ဆီဗီလာသို့တစ်ရာသီအငှား စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပြီး နောက်ခံလူ မန်ဂါလာသည် ဗလင်စီယာသို့ ဇွန်လအထိ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့သည်။

အသက် ၂၉ နှစ်ရှိနာဆရီသည် တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ယခုရာသီပွဲဦးထွက်အဖြစ် ကစားခွင့်ရသော်လည်း အသင်းပြောင်းခဲ့ခြင်းဖြစ်သည်။

စီးတီးနည်းပြဂွာဒီယိုလာသည် ရာသီကြိုကာလအတွင်းက နာဆရီကို ကိုယ်အလေးချိန်တိုးနေသည်ဟုဆိုကာ အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပိတ်ပင်ထားခဲ့သည်။

ဂိုးသမားဂျိုးဟတ်နှင့် တိုက်စစ်မှူး ဘိုနီတို့သည်လည်း အငှားဖြင့် အသီးသီးပြောင်းရွှေ့သွားကြသည်။

“ပျော်ခဲ့ရပါတယ်။ အံ့မခန်းဖြတ်သန်းခဲ့ရတဲ့ငါးနှစ်တာကာလအတွက် အသင်းကလူတိုင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီရာသီမှာ ကံကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်”ဟု နာဆရီက လူမှုကွန်ယက်မှတစ်ဆင့် ပြောသည်။

အင်္ဂလန်ဂိုးသမားဂျိုးဟတ်သည် စီးရီးအေကလပ်တိုရီနိုသို့လည်းကောင်း၊ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘိုနီသည် စတုခ်သို့လည်း ကောင်း တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်က ပြင်သစ်နောက်ခံလူ မန်ဂါလာကို စီးတီးသို့ ပေါင် ၃၂ သန်းဖြင့်ရောင်းချခဲ့သည့် ပေါ်တိုအသင်းသည် ယင်းကစားသမားကိုပြန်လည်ခေါ်ယူလိုသော်လည်း အသက် ၂၅ နှစ်အရွယ်ကစားသမားက ဗလင်စီယာကိုသာ ရွေးချယ်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly