နိုင်ငံရေးဆွေးနွေးပွဲအတွက် NCA စာချုပ်ကိုသာ အခြေခံမည်၊ အဖွဲ့အားလုံး NCA ထိုးရန် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးဆွေးနွေးပွဲအတွက် NCA စာချုပ်ကိုသာ အခြေခံမည်၊ အဖွဲ့အားလုံး NCA ထိုးရန် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

နေပြည်တော်၊ သြဂုတ် ၃၁ ။            ။ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးဆုံး အပိုင်းဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကိုသာ အခြေခံမည်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး NCA စာချုပ် လက်မှတ်ရေးထိုးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ပင်လုံညီလာခံ ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

ယင်းအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်းကြား သင့်မြတ်ရေးလည်း အရေးကြီးပြီး NCAလက်မှတ်ထိုးပြီးသည့် အဖွဲ့များ နှင့် လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကြား ဝိဝဒါကွဲပြားမှု မဖြစ်ရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်။

"ဒီလိုတွေဖြစ်ပေါ်နေရင် ကျွန်မတို့ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ပါတယ်။ ကျွန်မတို့တိုင်းရင်းသားအချင်းချင်းကြားမှာ နားလည်မှုလွဲမှားတာတွေ စိတ်ဝမ်းကွဲမှုတွေမရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင် ကျွန်မတို့ကြိုးစားဆောင်ရွက်နေပါတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၃၁ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားညီလာခံ- ၂၁ရာစုပင်လုံ ဖွင့်ပွဲတွင် ထည့်သွင်းကာ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် နှစ်ပေါင်း ၅၀ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် ပဋိပက္ခများနှင့် ပတ်သက်၍လည်း "အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ဆွေးနွေးရမယ် ညှိနှိုင်းရမယ်" ဟု ၎င်းက ပြောဆိုသွားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးကလည်း လက်ရှိကျင်းပနေသည့် ၂၁ရာစုပင်လုံညီလာခံသည်   နိုင်ငံရေးဆွေးနွေးပွဲအတွက် တာထွက်ခရာသံတစ်ခုဟု တင်စားပြောဆိုလိုက်သည်။

NCA စာချုပ်နှင့် ပတ်သက်၍လည်း "NCAဟာ ပြီးပြည့်စုံတဲ့ စာချုပ်တစ်ခု မဟုတ်ပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရောက်ရှိဖို့ ထိုးလိုက်တဲ့ တံတားတစ်စင်းဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့အတွက်ပန်းတိုင်ပါ"ဟု ၂၁ရာစုပင်လုံညီလာခံ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကသာ လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပါအဝင် အဖွဲ့ ၁၃ဖွဲ့က လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် _ကိုးကန့်အဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ သုံးဖွဲ့ကိုမူ တပ်မတော်ဘက်က အသိအမှတ်မပြု၍ NCA လက်မှတ် မထိုးနိုင်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly