ဘီရှ်ကက်၊ သြဂုတ် ၃၀ ။ ။ ကာဂျစ်စတန်နိုင်ငံ၏ မြို့တော် ဘီရှ်ကက်တွင် ရှိသည့် တရုတ်သံရုံးအား အသေခံဗုံးခွဲသူတစ်ဦးက ကားဖြင့် သံရုံးဝင်ပေါက်အား ဝင်ဆောင့်ပြီး ဖောက်ခွဲပစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
အသေခံဗုံးခွဲသူ သေဆုံးပြီး သံရုံးဝန်ထမ်းသုံးဦး ဒဏ်ရာရကြောင်း၊ အားလုံးက ကာဂျစ်စတန်နိုင်ငံသားများဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ် ဇန်နစ်ရာဇာကော့ဗ်က ပြောသည်။ တရုတ်သံရုံးမှ လုံခြုံရေးအရာရှိအကြီးအကဲက တရုတ်နိုင်ငံသား တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရကြောင်း AKI သတင်းသို့ ပြောသည်။
သံရုံးအဆောက်အအုံမှ မီးခိုးများ လိမ့်တက်နေသည့် ဗီဒီယိုအား လူမှုမီဒီယာတွင် ပြန့်နှံ့ခဲ့သည်။ အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်အဖြစ် ယခုဖြစ်ရပ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချပြီး စုံစမ်းစစ်ဆေးရေးအတွက် ကာဂျစ်စတန်အာဏာပိုင်များအား တိုက်တွန်းသည်။
ယခုတိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်ကြောင့် မည်သည့်အဖွဲ့အစည်းကမျှ ကြေညာခြင်းမရှိသေးပေ။ အခင်းဖြစ်ရပ်တွင် သတင်းများအရ ကားကာ သံရုံးဂိတ်ပေါက်အား တိုက်ချိုးဖြတ်မောင်းပြီး သံရုံးဝန်ထမ်းများ နေထိုင်ရာ အိမ်ရာအနီး သံရုံးဝင်းအလယ်တွင် ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။