မူးယစ်ဆေး ဖြတ်ပေမယ့် ပြန်လည်ထူထောင်ရေး ခက်ခဲနေ

မူးယစ်ဆေး ဖြတ်ပေမယ့် ပြန်လည်ထူထောင်ရေး ခက်ခဲနေ

မန္တလေး၊ သြဂုတ် ၃၀ ။             ။ မူးယစ်ဆေးဝါး ဖြတ်ဆေးရုံများတွင် မူယစ်ဆေးဝါး ဖြတ်နေသူများစွာရှိနေသော်လည်း ပြန်လည်ထူထောင်ရေး စခန်းများ သို့ ရောက်ရှိလာသူ မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးလှသွေးက မဇ္ဈိမ ကိုပြောသည်။

"မူးယစ်ဆေးဖြတ်ပြီးရင် ပြီးပြီလို့ထင်နေကြတယ်။ အဲဒါမှားတယ်။ ဆေးဖြတ်ပြီးတာနဲ့ ကျွန်တော်တို့ ပြန်လည် ထူထောင် ရေးစခန်းကို ပို့ပေးရမယ်။ ဆေးရုံကလည်း မလွဲဘူး။ မိဘတွေကလည်း ပို့ပေးရမှန်းမသိကြဘူး။ ဒီလိုတွေဆိုတော့ ဆေး ဖြတ် ပြီးလည်း မူးယစ်ဆေးကို ပြန်သုံးကြတယ်။ သံသရာလည်သွားတယ်ပေါ့။ သူတို့မှာ ဆေးဘဲဖြတ်လာတာ ရုပ်ပိုင်း၊ စိတ်ပိုင်းကို ပြုပြင်ပေးဖို့ ပြန်လည်ထူထောင်ရေးကို ရောက်ဖို့လိုတယ် "ဟု  ဦးလှသွေးက ပြောသည်။

မူးယစ်ဆေးဝါး ဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ရေးစခန်းသို့ လွှဲပေးရန်အတွက် ကျန်းမာရေးဦးစီးဌာနများနှင့် ညှို နှိုင်းမှုများ ပြုလုပ်နေသလို မိဘများကိုလည်း ပညာပေး စည်းရုံးဟောပြောမှုများ လုပ်ဆောင်နေသော်လည်း ပြန်လည် ထူထောင်ရေးစခန်းတွင် ၂၀၁၆/၂၀၁၇နှစ်အတွက် ရောက်ရှိလာသူ လက်ရှိတွင် ၁၀ ဦးသာရှိကြောင်း သိရ သည်။

"ဆေးဖြတ်သူတွေကို လွဲပေးဖို့ ညှိုနေတယ်။ မိဘတွေကိုလည်း ဒီကိုလာရောက် အပ်နှံပေး ဖို့ ဟောပြောမှုတွေလုပ် နေ တယ်"ဟု  ဦးလှသွေးက ပြောသည်။

မူးယစ်ဆေးဖြတ်ပြီး ရောက်ရှိလာသူများသည် ပြန်လည်ထူထောင်ရေးစခန်းတွင် ၃၅ ရက် နေထိုင်ရမည်ဖြစ်ပြီး ထိုကာလ တွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို ပြုပြင်မှုများလုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

မူးယစ်ဆေးရုံမှ မှတ်ပုံတင်ဆေးဖြတ်ပြီး မိမိဆန္ဒအလျောက် ပြန်လည်ထူထောင်မှု ခံယူလိုသူများ၊ မိဘများမှ အပ်နှံသူ များ၊ INGO ၊ NGO တို့မှ ပေးပို့အပ်နှံသူများကို တစ်ဦးခြင်း အကဲဖြတ် လေ့လာခြင်း၊ နှစ်သိမ့်ဆွေးနွေး အကြံ ပေးလမ်း ညွှန်ခြင်း၊ အသက်မွေး ဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ ဘာသာရေး အဆုံးအမများဖြင့် ပြုပြင်ပေးခြင်း၊ စိတ် အပန်းဖြေမှုရရှိအောင် ဆောင်ရွက်ပေးခြင်း ၊ ပိုးဇာပုံနှိပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို သင်ကြား ပေးသွားမည် ဖြစ်သည်။

 ပြန်လည်ထူထောင်ရေးစခန်းမှ သတ်မှတ်ရက်ပြည့်၍ မိဘထံ ပြန်လည်နေထိုင်ပါကလည်း မူးယစ်ကြီးကြပ် စေတနာ့ ဝန်ထမ်းများက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် စောင့်ကြည့်မှုများ ပြုလုပ်၍ မူးယစ်ဆေးပြန်လည် မသုံးစွဲနိုင်စေရန် ဆောင်ရွက်ပေးနေသည်ဟုလည်း မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးစခန်းမှ သိရသည်။

လက်ရှိတွင် ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိလာသူများအား တစ်ဦးကို ၄၃၂ကျပ်၊ ၁၀ပြား စားစရိတ်ထောက်ပံ့ပေးနေပြီး  အလှူရှင်များအနေဖြင့်လည်း လာရောက်လှူဒါန်းနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးလှသွေးက ပြောသည်။

"ပြန်လည်ထူထောင်ရေးစခန်းက လှူမယ့်သူမရှိပါဘူး။ လက်ရှိကတော့ မိဘတွေက သူတို့စားရိတ်ထောက်ပံ့ ပေးတာ ရှိ တော့ အခက်အခဲတော့မရှိပါဘူး။အလှူရှင်ရှိတော့ သူတို့အတွက် ပိုအဆင်ပြေတာပေါ့။"ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မန္တလေး၊ ရန်ကုန်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မြစ်ကြီးနားမြို့တို့၌သာ မူးယစ်ဆေးဝါး ပြန်လည် ထူ ထောင်ရေးစခန်းများရှိပြီး မန္တလေးမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းမှာ   အောင်မြေသာစံမြို့နယ်၊ ရတနာပုံ တိရစ္ဆာန် ဥယျာဉ်အနီးတွင် တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly