တိုရီနိုသို့ အငှားမပြောင်းရွှေ့မီ ဂျိုးဟတ် အီတလီသို့ သွားရောက် ဆေးစစ်ဖွယ်ရှိ

တိုရီနိုသို့ အငှားမပြောင်းရွှေ့မီ ဂျိုးဟတ် အီတလီသို့ သွားရောက် ဆေးစစ်ဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

မန်စီးတီးဂိုးသမား ဂျိုးဟတ်ဟာ စီးရီးအေကလပ် တိုရီနိုအသင်းသို့ အငှားပြောင်းရွှေ့ဖို့ အင်္ဂါနေ့မှာ အီတလီသို့ သွားရောက် ဆေးစစ်မှုပြုလုပ်မယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေက ဂျိုးဟတ်ကို တနင်္လာနေ့မှာ အင်္ဂလန်လက်ရွေးစင်အသင်း လေ့ကျင့်ရေးစခန်းမှ ထွက်ခွာဖို့ ခွင့်ပြုခဲ့ပြီး အီတလီသို့ သွားရောက်ကာ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ဖို့ရှိတယ်လို့ သိရပါတယ်။

အသက် (၂၉) နှစ်ရှိ ဂျိုးဟတ်ဟာ မန်စီးတီးနည်းပြသစ် ဂွာဒီယိုလာရဲ့ချန်လှပ်မှုကိုခံနေရပြီး အသင်းမှ သွားခွာလိုပါက လွတ်လွတ်လပ်လပ်သွားနိုင်ကြောင်း ဂွာဒီယိုလာက အစောပိုင်းက ပြောခဲ့ပါတယ်။

ဂျိုးဟတ်နဲ့ တိုရီနိုအသင်းတို့ရဲ့ သဘောတူညီချက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့ သြဂုတ် (၃၁) ရက်မတိုင်ခင် ပြီးစီးဖွယ်ရှိပြီး ဂျိုးဟတ်ဟာ တနင်္ဂနွေမှာ ပထမဆုံးကစားမယ့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ဆလိုဗက်ကီးယားနဲ့ပွဲအမီ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂျိုးဟတ်ကို နိုင်ငံလက်ရွေးစင်နေရာအတွက် "အကောင်းဆုံး ဖြေရှင်းနည်းလမ်း ရှာဖို့" အငှားထွက်ခွာခွင့်ကို မနေ့က တနင်္လာနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဂျိုးဟတ်ရဲ့လစာတစ်ချို့တစ်ဝက်ကို ဆက်လက်ပေးချေရမယ်လို့လည်း သိရှိရပါတယ်။

မန်စီးတီးဟာ ဘာစီလိုနာမှ ချီလီဂိုးသမား ဘရာဗိုကို ဦးစားပေးဂိုးသမားအဖြစ် ခေါ်ယူခဲ့ပြီးနောက် ဂျိုးဟတ်ဟာ ဂွာဒီယိုလာရဲ့လက်အောက်မှာ နေရာ မရပဲ ချန်လှပ်မှုခံနေရသူဖြစ်ပါတယ်။

ဂျိုးဟတ်ဟာ မန်စီးတီးအတွက် ပွဲပေါင်း (၂၆၀) ပါဝင်ကစားပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags