ဆူညံသံများနဲ့ ပတ်ဝန်းကျင် ထိခိုက်မှု

ဆူညံသံများနဲ့ ပတ်ဝန်းကျင် ထိခိုက်မှု

အခုတလော ရေဘေးအလှူခံ မဏ္ဍပ်များ၊ ရေဘေးအလှူခံကားများကို ရန်ကုန်မြို့ နေရာအနှံ့အပြားမှာတွေ့ရပါတယ်။ ဆောင်းဘောက်အကြီးကြီးတွေရဲ့ အသံကုန်ဖွင့်ထားတဲ့ အလှူခံအသံတွေ သီချင်းတွေကိုလည်း နေရာတိုင်းလိုလိုမှာ ကြားကြရပါတယ်။ အော် ဒါဟာဖြင့် ဒို့မြန်မာလူမျိုးတွေရဲ့ ကူညီရိုင်းပင်းချင်တဲ့ စရိုက်သဘာဝကို ပြတာဖြစ်တယ်ဆိုပြီး ဂုဏ်ယူမိ မုဒိတာပွားမိပါတယ်။ ဂုဏ်ယူရ မုဒိတာပွားရမယ့်ကိစ္စလည်းဖြစ်ပါတယ်။

တကယ်တော့လည်း မိမိတို့တိုင်းပြည် ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေက အသေးအမွှားမဟုတ်ပါဘူး။ ရေကြီးလို့ လူတွေ သိန်းသန်းချီပြီး ဒုက္ခရောက်ခဲ့ကြရတာ ဒုက္ခရောက်နေကြတာ ကမ္ဘာသိဖြစ်ပါတယ်။ ကြုံတွေ့ရတဲ့ သဘာဝဘေးဥပါဒ်ဒဏ်က ကြီးတော့ အစိုးရတစ်ခုတည်းက ကူညီဖြေရှင်းဖို့ဆိုတာ မလုံလောက်တာလည်း အမှန်ပါပဲ။ ဒီတော့လည်း လူထုက ဝိုင်းကူကြရပါတယ်။ ဒီလိုနဲ့ ရေဘေးကူညီကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေဟာ နေရာအနှံ့ပေါ်ပေါက်လာခဲ့တာပါပဲ။

ဒုက္ခရောက်သူတွေကို ကူညီကယ်ဆယ်ဖို့ကြိုးပမ်းတဲ့အလုပ်ဟာ တကယ်တော့ ဘယ်ဘာသာဝင်မဆို ဘယ်လူမျိုးမဆို လုပ်ကြရမယ့် လူသားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ မွန်မြတ်တဲ့အလုပ်လည်းဖြစ်ပါတယ်။ အားပေးရမှာလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ အလှူခံအတုတွေ၊ အလှူခံတွေက ဖွင့်တဲ့ ဆူညံသံတွေကိုတော့ တာဝန်ရှိသူတွေက ထိန်းသိမ်းစီစစ်သင့်တယ်ဆိုတဲ့အသံတွေကိုလည်း ကြားလာရပါတယ်။ ဒီလို အနေအထားတွေဟာ အလှူခံလုပ်ငန်းကြီးတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရာမရောက်စေဘဲ အလှူရှင်တွေရဲ့စိတ်ကို တွန်းလွှတ်သလိုဖြစ်စေတဲ့အထိ ဆိုးကျိုးတွေဖြစ်လာနေတယ်လို့လည်း ဝေဖန်သံတွေ ကြားလာရပါတယ်။

ဒီနေရာမှာတော့ အလှူခံအတုတွေကိစ္စ အသာထားပြီး အလှူခံမဏ္ဍပ်၊ အလှူခံကား၊ အလှူခံဆိုက်ကား၊ အလှူခံလက်တွန်း၊ အလှူခံအထမ်းတွေဆီက ဆူညံလွန်းလှတဲ့ ဓါတ်စက်သံတွေ၊   မြေတုန်ဟီးလောက်အောင် မြည်လွန်းလှတဲ့ ဆောင်းဘောက်သံတွေအတွက်တော့ ပြောစရာ ဝေဖန်စရာတွေ ဖြစ်လာပါတယ်။ တခါတလေ အလှူခံအဖွဲ့တွေ တစ်ဖွဲနဲ့တစ်ဖွဲ့ဆုံမိတဲ့အခါ အနီးအနားမှာ ဘယ်သူမှစကားပြောလို့မကြားရလောက်အောင် ဘယ်သူ ဘယ်အဖွဲ့က ဘာသီချင်း ဘာဆုတောင်းတွေဖွင့်နေသလဲဆိုတာ မကွဲနိုင်လောက်အောင် ဆူညံတတ်တာမျိုးကိုလည်း ကြုံကြရပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင်အရကြည့်ရင်လည်း ဒီလို ပတ်ဝန်းကျင်နားမခံသာလောက်အောင် ဖွင့်ကြတဲ့ ဓါတ်စက်သံတွေဟာ မကောင်းပါဘူး။ တရားတော်နဲ့လည်း မကိုက်ညီလှပါဘူး။ ဥပမာ သမညဖလသုတ်မှာ အဇာတသတ်မင်း ဗုဒ္ဓကိုဖူးတွေ့ဖို့ သမားတော်ဇီဝကနဲ့ ဗုဒ္ဓရဲ့ကျောင်းတော်ကိုသွားတဲ့အခါ သံဃာအပါး ၁၅၀၀ ကျော်သတင်းသုံးတဲ့ ကျောင်းတိုက်ကြီးက တိတ်ဆိတ်လွန်းလို့ အဇာတသတ်မင်း အံ့သြတုန်လှုပ်သွားရတယ်လို့ ဆိုပါ်တယ်။ ဗုဒ္ဓကိုယ်တော်တိုင်ကလည်း တရားရှာသူကိုယ်တော်တွေကို ဆိတ်ဆိတ်နေဖို့ ခဏခဏသွန်သင်တယ်။ တရားရှာသူရဲ့ ဆူးညှောင့်ဟာ ဆူညံသံဖြစ်တယ်လို့တောင်မှ ဟောဖူးတယ်။ တောင်မြို့ဆရာတော် ရှင်ဇနာဘိဝံသ ဆိုရင်လည်း သံဃာများလှတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကို အတိတ်ဆိတ်ဆုံး ထားတယ်။

ဒါတွေကို ပြန်လည် ဆင်ခြင်တဲ့အခါ တရားတော်အရကိုယ်နှိုက်ကလည်း ဆူညံခြင်းကို အားမပေးတာ တွေ့ရပါတယ်။

ဒါကြောင့်မို့ အလှူခံခြင်းကိစ္စတွေဟာ မိမိတို့အားလုံး ပါဝင်ဝိုင်းဝန်းကြ၊ အာပေးကြရမှာ မှန်ပင်မှန်သော်ငြားလည်းပဲ ပတ်ဝန်းကျင်နားမခံသာအောင် ဓါတ်စက်သံတွေ ဟိန်းဟိန်းညံအောင်ဖွင့်ပြီး အလှူခံတာမျိုးနဲ့ ကျန်းမာရေးမကောင်းတဲ့အသက်အရွယ်ကြီးရင့်သူတွေနဲ့ နုနယ်ငယ်ရွယ်တဲ့ ကလေးသူငယ်တွေ ကျန်းမာရေးထိခိုက်ရလောက်အောင် အလွန်အမင်းဆူညံသံများပြုလုပ် အလှူခံခြင်းကိစ္စကိုတော့ ဆင်ခြင်သင့်တယ်လို့ယူဆမိကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly