နယူးဒေလီတွင် ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတဦးထင်ကျော် ယနေ့တွေ့ဆုံ

နယူးဒေလီတွင် ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတဦးထင်ကျော် ယနေ့တွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်သည် နယူးဒေလီ၌ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် ယနေ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

လေးရက်မြောက်ခရီးစဉ် နောက်ဆုံးရက်အဖြစ် သမ္မတဦးထင်ကျော်က မနေ့က အက်ဂရာမှ နယူးဒေလီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီနှင့် ယနေ့ သြဂုတ် ၂၉ ရက် နေ့လည်ပိုင်း၌ တွေ့ဆုံဆွေးနွေးမှုအတွင်း နယ်စပ်စီမံခန့်ခွဲမှုနှင့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် အကြမ်းဖက်လှုပ်ရှားမှု ကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိသည်။

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံသည် နယ်စပ် ၁၆၀၀ ကီလိုမီတာ ထိစပ်လျက်ရှိပြီး နယ်စပ်တစ်လျှောက် သောင်းကျန်းသူအဖွဲ့များ ရှိနေခြင်းအတွက် အိန္ဒိယနိုင်ငံက စိုးရိမ်မကင်း ရှိနေသည်။

ယခုသမ္မတဦးထင်ကျော်၏ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရေးကိုလည်း ဆွေးနွေးဖွယ်ရှိနေသည်။

သမ္မတဦးထင်ကျော်အနေဖြင့် အိန္ဒိယသမ္မတ ပရန်နက်မူခါဂျီနှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရှာမာစာဝါရတ်တို့နှင့်လည်း တွေ့ဆုံရန်စီစဉ်ထားပြီး အပြန်အလှန်အကျိုးစီးပွားကိစ္စရပ်များအပေါ် ဆွေးနွေးကြမည်လည်းဖြစ်သည်။

ယခုခရီးစဉ်သည် အစိုးရသစ်တာဝန်ယူပြီးနောက် သမ္မတဦးထင်ကျော်က အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly