၂၁ ပင်လုံအကြို ရခိုင်အရပ်ဖက်အဖွဲ့စည်းများ ဆွေးနွေးပွဲပြုလုပ်

၂၁ ပင်လုံအကြို ရခိုင်အရပ်ဖက်အဖွဲ့စည်းများ ဆွေးနွေးပွဲပြုလုပ်
Photo: RiA

စစ်တွေ၊ သြဂုတ် ၂၈ ရက်။                      ။ မကြာခင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံအကြို) ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဖက် လူမှုအဖွ့ဲအစည်းများ   ဆွေးနွေးပွဲတရပ်ကို ယနေ့ သြဂုတ် ၂၈ ရက်နေ့က စစ်တွေမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ တာဝန်ရှိသူ စုစုပေါင်း ၁၈၀ ဦးခန့် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများလည်း လာရောက်ခဲ့သည်။

“ဒီနေ့ပြုလုပ်ရတဲ့ဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ CSO တွေရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ CSO ဆိုတာလည်း အရေးပါ အရာရောက်တယ်လို့ ကျွန်မတို့ အနေနဲ့ ယူဆပါတယ်။ ဒီမိုကရေစီကို တွင်တွင်ကျယ်ကျယ်ပြောနေတဲ့ သူတွေရဲ့စကားတွေမှာလည်း ပါပါတယ်။ ၏ အရပ်ဖက် လူမှုအဖွဲ့အစည်းများသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဆိုတာပါပဲ။ အဲဒီစကားလုံးကို အခုအချိန်မှာ သုံးစွဲပြီးတော့ CSO တွေရဲ့ အသံတစ်သံထွက်နိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ အခုလိုဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပလိုက်ရခြင်းဖြစ်ပါတယ်။ ” ဟု ရခိုင့်သယံဇာတနှင့် သဘာဝပါဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဒေါ်ညိုအေးကပြောသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားတို့၏ လိုအပ်လျှက်ရှိနေသည့် လုပ်ငန်းဆောင်တာများ၊ နိုင်ငံရေးအရပြောင်းလဲလိုသည့် ကိစ္စရပ်များ၊ သယံဇာတခွဲဝေသုံးစွဲရေးများစသည့် ကိစ္စရပ်များအတွက် ယင်းဆွေးနွေးပွဲမှ မူဝါဒများကို ချမှတ်ခဲ့ကြသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရှိတာဟာ ကျွန်မတို့ လုပ်ကိုင်နေကြတဲ့ CSO တွေဆိုတာဟာ နိုင်ငံရေးနဲ့ မဆိုင်ဆိုတဲ့ အမြင်ရှိနေတဲ့အတွက် ပါဝင်ခွင့်မပေးဘူးလို့မြင်ပါတယ်။ ဒါကြောင့် CSO ဆိုတာဟာ ဘယ်အတိုင်းအတာထိ အရေးပါမှုရှိလဲတာကို မိမိကိုယ်မိမိ တည်ဆောက်ဖို့ လိုအပ်သလို နိုင်ငံတော်ဘက်ကရော အားလုံးကပါ အသိအမှတ်ပြုပြီတော့ ဒီလိုမျိုး အခန်းကဏ္ဍတွေမှာ ပါဝင်ခွင့်တွေရရှိလာအောင် ကြိုးစားရမှာပါ။  ” ဟု ရခိုင်မျိုးသမီး အစည်းအရုံးမှ ဒေါ်စောသီရိရည်မွန်က ပြောသည်။

ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက "မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဖောင်းပွနေပါတယ်။ ဖောင်းပွတယ်ဆိုပေမယ့် အလုပ်ဖြစ်တဲ့ဟာတွေလည်း ရှိပါတယ်။ အလုပ်မဖြစ်တာတွေလည်း ရှိပါတယ်။ အလုပ်ဖြစ်တဲ့ဆွေးနွေးပွဲဆိုရင်တော့ အချိန်ကုန်သည်ဖြစ်စေ၊ ငွေကုန်သည်ဖြစ်စေလုပ်ရမှာပါ။ ကျွန်တော်အမြင်ကတော့ ယခင်လုပ်ခဲ့ကြတဲ့ CSO ဖိုရမ်နဲ့ အခုအစိုးရပြောနေတဲ့ CSO ဖိုရမ်နဲ့ အနှစ်သာရမတူတော့တဲ့ အတွက်ကြောင့် ဖိုရမ်က ထွက်လာတဲ့ဆုံးဖြတ်ချက်တွေကို အစိုးရအနေနဲ့ ကိုင်တွယ်အောင်ဘယ်လို လုပ်မလဲဆိုတာကို ကျွန်တော်တို့ အဖြေတစ်ခု ရှာဖို့လိုလာပါတယ်။” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly